စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့ နယ်မြေကျူးကျော်မှုကြောင့် တိုက်ပွဲဆက်ဖြစ်ပွားဟု KNU ပြော

စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့ နယ်မြေကျူးကျော်မှုကြောင့် တိုက်ပွဲဆက်ဖြစ်ပွားဟု KNU ပြော

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံး သထုံခရိုင်၊ တပ်မဟာ (၁) အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်တို့ နယ်မြေကျူးကျော် ဝင်ရောက်လာခြင်းကြောင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်ဟု KNU က ပြောသည်။

ယခု ဇူလိုင်လတွင် စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့များသည် နယ်မြေကျူးကျော်ပြီး စစ်ဆင်ရေးလုပ်ဆောင်နေသည့်အတွက် နယ်မြေခံ KNLA တပ်ဖွဲ့နှင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားသည့်အပြင် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် မကြာခဏ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိသွားသူများလည်း ရှိသည်ဟု KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ကေအိုင်စီသို့ ပြောသည်။

“အခုတိုက်ပွဲတွေ ဆက်ဖြစ်တာက ကျနော်တို့က သူတို့နေရာထဲသွားပြီး တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ ကျနော်တို့နယ်မြေထဲကို ကျူးကျော်ပြီး ဝင်ရောက်စစ်ဆင်ရေးတွေလုပ်နေလို့ တိုက်ပွဲဖြစ်တာ။ ကျနော်တို့တွေ လက်နက်ကိုင်တာက ကျနော်တို့လူထု၊ ကျနော်တို့နယ်မြေကို ကာကွယ်ဖို့ လက်နက်ကိုင်တာ။ ဒါကို သူတို့က ကျူးကျော်လာရင်တော့ ပြန်ခုခံရမှာပဲ။ အဲလိုတွေကြောင့် အခုတိုက်ပွဲတွေ ဆက်တိုက်ဖြစ်တာ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့တွင် သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် လှည်းလမ်းကူးကျေးရွာအုပ်စု ဘိုက္ကားကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ တပ်မ (၄၄) ခြေလျင်တပ်ရင်း (ခလရ) ၂ က ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက် အနီးရှိကျေးရွာမှ ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ပဒိုစောစိုးမြင့်က ပြောသည်။

ထိုနေ့တစ်ရက်တည်းပင် သထုံခရိုင်၊ ဖားအံမြို့နယ် တကောင်ဘိုးကျေးရွာအုပ်စု ကုန်းတန်းကြီးကျေးရွာတွင်လည်း BGF တပ်ရင်း (၁၀၁၄) နှင့် နယ်မြေခံ KNLA တပ်ရင်း (၁) တို့အကြား ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး BGF ဘက်မှ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်မဟာ (၁) က ပြောသည်။

တကောင်ဘိုးကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက “ရွာမှာ စစ်ကြောင်းတွေအပြည့် တပ်စွဲထားထားတာရှိတယ်။ ဖြစ်တာက ညပိုင်းဆိုတော့ ရွာကလူတွေလည်း မပြေးရဲဘူး။ အိမ်မှာပဲ ပုန်းနေရတယ်။ လူတစ်ယောက် ထိသွားတယ်။ ဒဏ်ရာတော့ မစိုးရိမ်ရဘူး။ ပြီးတော့ အိမ်တွေလည်း နည်းနည်းပါးပါးထိခိုက်တာတော့ရှိတယ်။ ရွာကလူတွေ ထွက်ပြေးတိမ်းရှောင်နေရတာတွေတော့ မရှိဘူး” ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ပြောသည်။

ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ (၁) နယ်မြေတွင် ဇူလိုင်လ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ တိုက်ပွဲ ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်ဘက်မှ ထိခိုက်မှုရှိပြီး နယ်မြေခံ (KNLA) တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း KNU ဘက်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လတစ်လအတွင်း ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ (၁) တွင် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်နှင့် နယ်မြေခံ (KNLA) တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပေါင်း ၂၃ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီပူးပေါင်းတပ်ဘက်မှ ၃၂ ဦး သေဆုံးသွားပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု KNU သထုံခရိုင်၏ ပြုစုထားသည့်စာရင်းတွင် ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းယူပြီးနောက် မတ်လမှစ၍ KNU တပ်မဟာ (၁) နှင့် တပ်မဟာ (၅) အုပ်ချုပ်နယ်မြအတွင်း စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့သည် တပ်အင်အားတိုးချဲ့မှုနှင့် စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာသည့်အတွက် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု KNU ဘက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကေအဲန်ယူ မူတြော် (ဖာပွန်) ခရိုင်၊ တပ်မဟာ ၅ နယ်မြေထဲရှိ သောင်းနှင့်ချီသော ဒေသခံများသည် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

Photo: KIC

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...