ကလေး ၁၅ ဦး ကိုဗစ်-၁၉ ပိုးတွေ့သော မြစ်ကြီးနားမိဘမဲ့ကျောင်းတွင် ဆေးဝါးနှင့်အာဟာရအကူညီ လိုအပ်နေ

ကလေး ၁၅ ဦး ကိုဗစ်-၁၉ ပိုးတွေ့သော မြစ်ကြီးနားမိဘမဲ့ကျောင်းတွင် ဆေးဝါးနှင့်အာဟာရအကူညီ လိုအပ်နေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ၄ ရှိ မိဘမဲ့ဂေဟာမှ ကလေး ၁၅ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ပြီးနောက် ကလေးများအတွက် အာဟာရနှင့်ဆေးဝါး အကူအညီလိုအပ်နေကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ မိဘမဲ့ဂေဟာရှိ ကလေးများတွင် ကိုဗစ်-၁၉ ပိုး ကူးစက်ခံရပြီးနောက် အစားအသောက်ကို ကူညီပေးနေသူများရှိနေသော်လည်း အရေးပေါ်အခြေအနေအတွက် အောက်စီဂျင်နှင့် ဆေးဝါးအကူညီများ အခက်အခဲရှိနေသေးသည်ဟု ဂေဟာတာဝန်ရှိသူတစ်ဦးက ပြောသည်။

“လက်ရှိအခြေအနေ ကလေးတွေမှာ အောက်ဆီဂျင်အသုံးလိုတာ မရှိသေးပေမဲ့ လိုအပ်လာရင်သုံးဖို့အတွက် လုံလုံလောက်လောက်မရတော့ စိုးရိမ်တယ်။ အခု ကလေး ၃ ယောက်ကလွဲလို့ ကျန်တဲ့သူတွေက ကိုက်ခဲနေတယ်၊ အနံ့ အရသာပျောက်တာ ဒီလောက်ပဲ၊ ကျန် ၂ ယောက်က ချောင်းအရမ်းဆိုးတာတွေ ပြီးရင် ၁ ယောက်က မျက်လုံးတွေနီရဲပြီး အဲ့လိုအခြေအနေမှာရှိနေတယ်။ သူတို့အတွက် အာဟာရတွေဖြည့်ပေးနိုင်ဖို့ အကူအညီလိုအပ်တယ်။ ပြီးရင် ဆေးကုသပေးနေရာမှာ ဆေးဝါးလုံလုံလောက်လောက်မရှိဘူး” ဟု အဆိုပါ မိဘမဲ့ဂေဟာကျောင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မိဘမဲ့ဂေဟာကျောင်းတွင် လွန်ခဲ့သည့်တစ်ပတ်ခန့်က ကလေးတစ်ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၅ ရက်ကြာပြီးနောက် ၁၂ ဦးတွင် ထပ်မံပိုးတွေ့ခဲ့သည်။

ထို့အပြင် ဇူလိုင် ၁၈ ရက် ညနေပိုင်းကလည်း ကလေး ၃ ဦးတွင် ထပ်မံပိုးတွေ့သဖြင့် လက်ရှိတွင် ကလေးစုစုပေါင်း ၁၅ ဦးတွင် ကိုဗစ်ပိုးကူးစက်ခံနေရကြောင်း သိရသည်။

လက်ရှိ ပိုးတွေ့လူနာ ကလေး ၁၅ ဦးကို ထိုမိဘမဲ့ကျောင်းဝန်းအတွင်း ကုသပေးနေပြီး အခြားကလေးများနှင့် ဝန်ထမ်းများကို စီတာပူ နှစ်ခြင်းဘုရားကျောင်းဝန်းတွင် ကွာရန်တင်းထားရှိကြောင်း သိရသည်။

အဆိုပါ မိဘမဲ့ဂေဟာကျောင်းတွင် ကလေး စုစုပေါင်း ၃၀ ကျော်ရှိသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပရဟိတအဖွဲ့များနှင့် စစ်ကောင်စီကျန်းမာရေးဌာန၏ စာရင်းများအရ ရောဂါကူးစက်ခံရသူ ၂ ထောင်ခန့်ရှိလာပြီး သေဆုံးသူလည်း အများအပြားရှိလာပြီဖြစ်သည်။

သို့သော် နေအိမ်တွင် မိမိအစီစဉ်ဖြင့် ကုသနေသူများ၏ စာရင်းအတိအကျကို သိရှိနိုင်ခြင်း မရှိသေးပါ။

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...