ကျေးရွာများတွင် KIA ဝင်ရောက်လာပါက လက်နက်ကြီးဖြင့်ပစ်မည်ဟု စစ်ကောင်စီခြိမ်းခြောက်

ကျေးရွာများတွင် KIA ဝင်ရောက်လာပါက လက်နက်ကြီးဖြင့်ပစ်မည်ဟု စစ်ကောင်စီခြိမ်းခြောက်

ကာမိုင်း-ဖားကန့် လမ်းမပေါ်ရှိ မည်သည့်ကျေးရွာဖြစ်စေ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဝင်ရောက်လာပါက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မည်ဟု အာဏာသိမ်းစစ်တပ်က ခြိမ်းခြောက်ပြောဆိုကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်လမ်းပေါ် ကပ်မှော်အုပ်စု ခွမ်ဆိုင်ဇွပ်၊ ဂေါ့လိုယန်၊ တံတားညီနောင်နှင့် ပျားအုံး စသောကျေးရွာအနီးတဝိုက်တွင် ဇူလိုင်လ ၁၄ ရက်နေ့မှစ၍ အာဏာသိမ်းစစ်တပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက အုပ်ချုပ်ရေးအဖွဲ့များကို ပြောဆိုခဲ့ကြောင်း ၎င်းတို့နှင့် နီစပ်သူများထံမှ သိရသည်။

“ကျေးရွာကို မီးရှို့မယ်လို့တော့ မပြောဘူးတဲ့။ ဒါပေမယ့် အနီးတဝိုက် KIA ရှိနေတဲ့ ကျေးရွာကိုတော့ သူတို့ လက်နက်ကြီးပစ်မယ်လို့တော့ ပြောတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း မပစ်ပေးဖို့ တောင်းဆိုပုံရတယ်။ ဒါကို စစ်တပ်က ပစ်မယ်လို့ဘဲပြောနေတာတဲ့။ နန့်ယားကျေးရွာ စစ်တပ်ကုန်းကနေ အခု တိုက်ပွဲဖြစ်တဲ့ကျေးရွာဘက်ကို လက်နက်ကြီးတွေ ပုံမှန်ပစ်ထည့်နေတာဘဲ” ဟု ပြောဆိုသည်။

ယနေ့ ဇူလိုင် ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်ကလည်း နန့်ယားကျေးရွာအခြေစိုက် စစ်တပ်စခန်းမှ ခွမ်ဆိုင်ဇွပ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ၃ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်။

ခွမ်ဆိုင်ဇွပ်အပါအဝင် ကျေးရွာ ၄ ခုတွင် ဇူလိုင်လ ၁၄ ရက်မှ ၁၅ ရက်နေ့အထိ တိုက်ပွဲအလွန်ပြင်းထန်လာပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၆ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

ထိုသို့ ၂ ဖက်တပ် စစ်ရေးတင်းမားနေသည့်အတွက် ကျေးရွာ ၄ ခုမှ ဒေသခံ ၂၀၀ ကျော်သည် ဆိုင်းဖရာကျေးရွာ ဘုရားကျောင်းတွင် စစ်ရှောင်အဖြစ် တိမ်းရှောင်နေရဆဲဖြစ်သည်။

ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက အဆိုပါဘုရားကျောင်းဝင်းမှ စစ်ရှောင်အချို့ နေရပ်ပြန်သွားသော်လည်း ညနေပိုင်း ၆ နာရီခန့်အချိန်တွင် အာဏာသိမ်းစစ်တပ်ဘက်က ထိုးစစ်ပြန်လည်ဆင်လာသည်ဟု သတင်းကြားရသည့်အတွက် မူလနေရာသို့ ပြန်လည်ထွက်ပြေးလာခဲ့ကြကြောင်း ခွမ်ဆိုင်ဇွပ် ဒေသခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။

“မနေ့က ကျမတို့အားလုံးက ပြန်လို့ရပြီထင်ပြီး အားလုံးနီးပါး ပြန်သွားကြတာဟုတ်တယ်။ ညနေပိုင်းမှာ အားလုံးက ပြန်ထွက်ပြေးခဲ့ရတယ်။ တိုက်ပွဲတော့မဖြစ်လိုက်ဘူး။ နန့်ယားဘက်က စစ်သားတွေအများကြီး ပြန်တက်လာတယ်သတင်းရလို့ အားလုံးပြန်ထွက်ပြေးသွားကြတယ်” ဟု ပြောဆိုသည်။

အဆိုပါစစ်ရှောင်များ၏ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်များက တပ်စွဲထားကြောင်း သိရသည်။

August 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဥရုချောင်းရေ မြင့်တက်လာကာ ...
August 4, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာတွင် အလယ်တန်းကျောင်းသားအရွယ် ကလေးများအကြား...
ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...