ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လေးကေကော်မြို့သစ်တွင် ဖွင့်လှစ်ထားသော ကိုဗစ်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာတွင် လူနာအတွက် အောက်ဆီဂျင်လုံလောက်မှုမရှိသည့်အခြေအနေနှင့် ကြုံတွေ့နေရကြောင်း သိရှိရသည်။
လေးကေကော် ကိုဗစ်ထိန်းချုပ်ရေးစင်တာတွင် ကိုဗစ်သံသယလူနာနှင့် ကိုဗစ်ပိုးတွေ့လူနာ ၁၅၀ ခန့်အတွက် အောက်ဆီဂျင် ရှူသွင်းကုသမှုပေးရာတွင် အောက်ဆီဂျင်အိုး ၄ လုံးနှင့် အသက်ရှူခေါင်းအုပ် ၂ စုံ၊ လူနာ ၂ ဦးစာသာရှိပြီး ကျန်ကိုဗစ် ကူးစက်ရောဂါပိုးခြေအနေကြောင့် အောက်ဆီဂျင်အား ကူရှူသွင်းရန် လိုအပ်လာပါက လုံလောက်မှုမရှိသည့် အခြေအနေနှင့် ကြုံတွေ့နေရသည်ဟု လေးကေကော်မြို့သစ် ကိုဗစ်ကူးစက်ရောဂါ စောင့်ကြည့်ထိန်းချုပ်ကုသရေးစင်တာမှ ကျန်းမာရေးစောင့်ရှောက်ကူညီပေးနေသည့် တာဝန်ရှိသူက ပြောသည်။
“ကျမတို့ဆီမှာ ပိုးတွေ့ လူနာ ၄၃ ဦးရှိနေပါပြီ။ ပိုးတွေ့သူနဲ့ ထိစပ်ခဲ့သူတွေဖြစ်တဲ့ လူတစ်ရာကျော်ကိုလည်း ကွာရတင်း စောင့်ကြည့်ပေးနေပါတယ်။ အောက်ဆီဂျင်အိုးက အသေး ၂ အိုး၊ အကြီး ၂ အိုးနဲ့ အသက်ရှူနှာခေါင်းအုပ် ပိုက်အစုံက နှစ်စုံပဲရှိပါတယ်။ ဒီမနက်တော့ အောက်ဆီဂျင် ရှူဖို့ လူနာ ၂ ဦးအတွက် တပ်ဆင်ပေးရှူထားရပါတယ်။ ကိုဗစ်လူနာကို ပေးတိုက်ရမယ့် ဆေးဝါးလည်း လိုအပ်ပါတယ်။ ထပ်ရောက်လာမယ့် ဒေသထဲက လူနာတွေအတွက်လည်း နေရာထိုင်ခင်း လိုအပ်ချက်တွေ ရှိနေပါတယ်။ အဓိက, ကတော့ အောက်ဆီဂျင်ပေးရမယ့် လူနာတိုးလာရင် အခက်အခဲတွေ့လာရမယ့် အခြေအနေ ကြုံနေရတာပါ” ဟု သူမကပြောသည်။
အဆိုပါ ကိုဗစ်-၁၉ ကူးစက်ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွားနေမှုကြောင့် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေအတွင်းရှိ လေးကေကော်မြို့သစ်သို့ ဝင်/ထွက်သွားလာရာလမ်းမများ၊ ရပ်ကွက်ကျေးရွာများထိပ်တွင် အပူချိန်တိုင်းတာမှတ်တမ်းယူခြင်း၊ နှာခေါင်းစည်းဝေငှခြင်း၊ လက်ဆေးသန့်စင်စေခြင်း၊ ဖြတ်သန်းသွားလာသူ ဒေသခံများ၏ ကိုယ်ရေးအချက်အလက်များမေးမြန်းခြင်း၊ မှတ်တမ်းပြုလုပ်ကာ လော့ဒေါင်းချထား စောင့်ကြည့်ကာကွယ်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။
လက်ရှိတွင် လေးကေကော်မြို့သစ် ဧရိယာအတွင်း ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း ကူးစက်ရောဂါ ဖြစ်ပွားမှုများပြားလာနေသည့်အတွက် လတ်တလောတွင် လူနာများ ပြုစုစောင့်ရှောက်သွားမည့် အဆောက်အဦးများ လိုအပ်လျက်ရှိသည်ဟု တာဝန်ရှိသူများက ပြောသည်။
ထို့ကြောင့် KNU တပ်မဟာ ၆ နယ်မြေခံ စစ်သည်ရဲဘော်များနှင့် ဒေသတွင်းလူငယ်များ စုပေါင်းပြီး သစ်ဝါးအခြေခံ ယာယီအဆောက်အအုံများပြုလုပ်ကာ လူနာများအား ပြုစုစောင့်ရှောက်သွားမည့်အစီအစဉ်အား ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေကြောင်း လေးကေကော်မြို့သစ် စီမံအုပ်ချုပ်ရေးကော်မတီ တာဝန်ရှိသူ စောဌေးမြင့်အောင်က ပြောသည်။
လတ်တလောအခြေအနေတွင် လေးကေကော်မြို့သစ် ဧရိယာအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ တတိယလှိုင်းကူးစက်ကာလအတွင်း ရောဂါပိုးကူးစက်ခံထားရသူ သံသယလူနာ ၁၀၃ ဦးနှင့် ရောဂါပိုးတွေ့ရှိ ကုသစောင့်ရှောက်မှုပေးနေရသူ ၄၃ ဦးရှိနေပြီး ကင်ဆာရောဂါအခံရှိသောလူနာမှ ကိုဗစ်ပိုးကူးစက်ခံရကာ သေဆုံးလူနာ ၁ ဦးရှိနေပြီဖြစ်သည်။







