ကျီစုသုသာန်၏ အလောင်းစောင့်ချစနစ်က နေအိမ်များတွင် အလောင်းပုံနေ

ကျီစုသုသာန်၏ အလောင်းစောင့်ချစနစ်က နေအိမ်များတွင် အလောင်းပုံနေ

နာရေးကားများ အချိန်ကြာမြင့်စွာရပ်နား၍ အလောင်းများကို စောင့်ချနေရသဖြင့် အခြားအလောင်းများသယ်ယူရန် အခက်အခဲများရှိလာကာ အိမ်‌တွင် အလောင်းများ ပုံသွားနိုင်ကြောင်း ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောဆိုလိုက်သည်။

“ဒီလိုစောင့်နေရတော့ အခြားအိမ်ကအလောင်း‌တွေ ကျန်နေသေးတယ်။ ကျွန်တော်တို့ကို ဖုန်းဆက်ထားတယ်။ ပြန်လာယူပါမယ်လို့။ အခုလို ရောဂါကာလမှာ အိမ်မှာ အလောင်းတွေ ဒီလိုထားတော့ မကောင်းဘူးပေါ့။ အလောင်းတွေလည်း ပုံသွားနိုင်တယ်” ဟု မေတ္တာရှင်ရဲ့အစေခံနာရေးကူညီမှုအသင်း၏ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကျီစုသုသာန်တွင် ဇူလှိုင် ၁၆ ရက်က သုသာန်အသွားလမ်းတွင် ရာနှင့်ချီသောအလောင်းများစုပုံခဲ့ရာက ယမန်နေ့ ဇူလှိုင် ၁၇ တွင် ချထွက်စနစ်ကို စောင့်ချစနစ်ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် သုသာန်တွင် အလောင်းများပုံမနေသော်လည်း သုသာန်လမ်းတစ်လျှောက် အလောင်းသယ်ယာဉ်များ ညနေပိုင်းထိ အရှိန်လျော့သွားခြင်းမရှိသည်ကို တွေ့ရသည်။

“ပြည့်နေတာပဲ။ ဘာလုပ်လို့လုပ်ရမလဲမသိတော့ဘူး” ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက အခြားသူတစ်ဦးကို ပြောနေသည်။

သဂြိုလ်စက်တစ်လုံးလျှင် ကားနှစ်စီးကျ အလှည့်ကျစနစ်ဖြင့် ချရသော်လည်း ကားတစ်စီးကို အနည်းဆုံး ၁၅ မိနစ်ခန့် ကြာမြင့်နေရာ သုသာန်တွင် အလောင်းသယ်ယာဉ်များ ပုံထပ်သွားသည်။

ယာဉ်မှ အလောင်းချပြီးသည်နှင့် ဒုန်းဆိုင်းမောင်းထွက်သွားသည်ကို တွေ့ရသည်။

အလောင်းလာပို့သော နာရေးယာဉ်များထဲတွင် ယနေ့မှစရောက်လာသော အရိုးကုန်းလူမှုကူညီရေးအသင်းကဲ့သို့ ပရဟိတအဖွဲ့များစွာရှိသည်။

ညနေပိုင်းချိန်ထိ ပရဟိတအဖွဲ့ပေါင်း ၃၀ ကျော်ထိ ကူညီ‌ပို့ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။

နေအိမ်မှ တက္ကစီဖြင့် အလောင်းသယ်ရသောဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံံ့လာသည်ကို တွေ့ရသည်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...