သေဆုံးသူများနေ၍ မြဝတီသုဿာန်တွင် ဒီဇယ်ဆီသုံး သင်္ဂြိုဟ်စက်တစ်လုံး ထပ်မံပြင်ဆင်အသုံးပြုနေရ

သေဆုံးသူများနေ၍ မြဝတီသုဿာန်တွင် ဒီဇယ်ဆီသုံး သင်္ဂြိုဟ်စက်တစ်လုံး ထပ်မံပြင်ဆင်အသုံးပြုနေရ

ကရင်ပြည်နယ် မြဝတီမြို့တွင် ကိုဗစ်ရောဂါကူးစက်မှုမြင့်မားနေသလို သေဆုံးမှုလည်း များပြားလာ၍ မြဝတီသုဿာန်တွင် လက်ရှိအသုံးပြုနေသည့် ထင်းမီးသုံး သင်္ဂြိုဟ်စက်တစ်လုံးတည်းဖြင့် မလုံလောက်သည့်အတွက် ယခင် အသုံးမပြုဘဲထားရှိသည့် ဒီဇယ်ဆီသုံး သင်္ဂြိုဟ်စက်တစ်လုံး ထပ်မံအသုံးပြုရန် ပြင်ဆင်နေရကြောင်း သိရသည်။

"လက်ရှိသုံးနေတဲ့ ထင်းမီးသုံး သင်္ဂြိုဟ်စက်က အလောင်းတစ်လောင်းလျှင် မီးရှို့ကြာချိန် ၄၅ မိနစ်ခန့်ရှိပါတယ်။ မနေ့က တစ်ရက်တည်း ၁၉ လောင်း သင်္ဂြိုဟ်ခဲ့ရတာဆိုတော့ အချိန်အတော်လေးကို ပေးခဲ့ပါတယ်။ ဒါကြောင့် ဒီဇယ်သုံး သင်္ဂြိုဟ်စက်ကို အလှူရှင်တစ်ဦးရဲ့ အကူအညီနဲ့ ပြန်လည်ပြင်ဆင်ပြီး အသုံးပြုသွားမှာပါ။ ဒီအတွက် ဒီဇယ်ဆီဖိုးတွေကတော့ လိုအပ်မှု ရှိလာမယ့်အတွက် အလှူရှင်များရဲ့ အကူအညီတွေ လိုအပ်နေပါသေးတယ်" ဟု မြဝတီမြို့နယ် စည်ပင်သာယာရေး ဦးစီးအရာရှိ စောရောဘတ်ထူးက ပြောသည်။

ထို့အပြင် မြဝတီမြို့တွင် မနေ့ ဇူလိုင်လ ၁၅ ရက်နေ့ တစ်ရက်တည်း သေဆုံးသူ ၁၉ ဦးထိရှိခဲ့ပြီး ထိုအထဲ၌ မြဝတီ ပြည်သူ့ဆေးရုံမှ ကိုဗစ်အတည်ပြုလူနာ ၉ ဦးပါဝင်သည်ဟု မြို့နယ်စည်ပင်သာယာရေး ဦးစီးအရာရှိ စောရောဘတ်ထူးက ဆက်ပြောသည်။

မြဝတီမြို့တွင် ဇွန်လ ၂၁ ရက်နေ့မှစ၍ ဇူလိုင် ၁၅ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့လူနာ ၉၇၉ ဦးရှိခဲ့ပြီး ထိုအထဲမှ သေဆုံးသူ ၄၅ ဦးရှိခဲ့ပြီဖြစ်သည်။

လက်ရှိတွင် မြဝတီခရိုင်ဆေးရုံ၊ သင်္ဃန်းညီနောင်တိုက်နယ်ဆေးရုံနှင့် ကိုဗစ်စင်တာ ၂ ခုတို့တွင် ကုသဆဲလူနာ ၄၉၄ ဦးရှိနေကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။

၎င်းအပြင် မြေပြင်အခြေအနေတွင် အနံ့ပျောက်ဖျားနာနေသူများ ရပ်ကွက်တိုင်း၊ လမ်းတိုင်းလိုလိုတွင်ရှိနေပြီး သေဆုံးမှုများလည်းရှိနေကြောင်း သိရသည်။

 
 

 

 

May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...