ကိုဗစ်ကူးစက်မှု ကာကွယ်တားဆီးရေးစည်းကမ်းများ ပိုမိုတင်းကြပ်ဆောင်ရွက်သွားမည်ဟု KNU ကိုဗစ်အရေးပေါ်တုံ့ပြန်ရေးကော်မတီပြော

ကိုဗစ်ကူးစက်မှု ကာကွယ်တားဆီးရေးစည်းကမ်းများ ပိုမိုတင်းကြပ်ဆောင်ရွက်သွားမည်ဟု KNU ကိုဗစ်အရေးပေါ်တုံ့ပြန်ရေးကော်မတီပြော

ကူးစက်မြန် ကိုဗစ်တတိယလှိုင်း ကူးစက်မှုနှုန်း ပိုမိုမြှင့်မားလာခြင်းကြောင့် KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအားလုံးတွင် ကိုဗစ်ကူးစက်မှု ကာကွယ်တားဆီးရေး စည်းမျဉ်းစည်းကမ်းများ ပိုမိုတင်းကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU ကိုဗစ်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ကူးစက်ခံ ကိုဗစ်လူနာများအတွက် ကာကွယ်ကုသရေးပိုင်းတွင် စိန်ခေါ်မှုများစွာရှိနေခြင်းကြောင့် ယခင် ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းကဲ့သို့ ကာကွယ်တားဆီးရေးအပိုင်းကို ပိုမိုတင်းကြပ် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း KNU ၏ ကိုဗစ် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ပဒိုစောဒိုင်းမွန်းခင်က ယခုလိုပြောသည်။

“စိန်ခေါ်မှုက ကျနော်တို့ KNU ခရိုင် ၇ ခုမှာ ကိုဗစ်ကိုစမ်းသပ်နိုင်တဲ့ PCR စက်က တစ်ခုပဲရှိတယ်။ ပြီးတော့ အခုရောဂါပိုးက သန္ဓေပြောင်းတဲ့ ပုံစံဖြစ်လာတဲ့အခါ ကျနော်တို့ အခု PCR စက်က ဖတ်လို့မရဘူး။ အဲ့ဒီအတွက် ဒီအပြောင်းအလဲကြောင့် အခက်အခဲဖြစ်လာနိုင်တယ်။ ဒါကြောင့် ခရိုင်တစ်ခုချင်းစီအလိုက် ကာကွယ်တားဆီးရေးအပိုင်းကို ပိုကောင်းအောင်လုပ်သွားမယ်” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် အဆိုပါ KNU တပ်မဟာ၊ ခရိုင်အားလုံးတွင် ကာကွယ်တားဆီးရေးအတွက် လိုက်နာရမည့် ကိုဗစ်စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်ပြီး ယမန်နေ့က ကိုဗစ်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အစည်းအဝေးခေါ်ယူ၍ ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး KNU ဗဟိုအတွင်းရေးမှူးရုံးမှတဆင့် သက်ဆိုင်ရာ တပ်မဟာခရိုင်အသီးသီးသို့ ဆက်လက်ညွှန်ကြားသွားမည်ဖြစ်သည်ဟုလည်း ပဒိုစောဒိုင်းမွန်းခင်က ဆက်ပြောသည်။

အဆိုပါ ကိုဗစ်ကာကွယ်တားဆီးရေး အစီအစဉ်များအရ ကျန်းမာရေးအသိပညာပေး စည်းရုံးလှုံ့ဆော်မှုများကို လိုက်လံလုပ်ဆောင်ပေးမည်ဖြစ်သလို လူစုလူဝေးများသည့်နေရာများတွင် Fever Clinic တစ်လုံးစီ တည်ဆောက်သွားမည်ပြီး စည်းမျဉ်းစည်ကမ်းများကိုလည်း ထုတ်ပြန်သွားမည်ဖြစ်သည်။

လတ်တလောတွင် KNU ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်ပိုးတွေ့လူနာ ၂၀ ဦးထက်မနည်းရှိနေပြီး သေဆုံးသူမရှိသေးကြောင်း သိရသည်။

KNU နယ်မြေအတွင်း ဝင်/ထွက်သွားလာမှုများကို စနစ်တကျ ကြပ်မတ်သွားရန်လည်းရှိကာ ဒေသတွင်း ကျောင်းများကိုလည်း ယာယီပိတ်ထားရပြီး ကိုဗစ်ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍လည်း ယခုလဆန်းပိုင်းက ကော်သူးလေ ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန (KDHW) က စည်းကမ်းချက်များကို ထုတ်ပြန်ထားသေးသည်။

အလားတူ မြန်မာနိုင်ငံအတွင်း ကိုဗစ်တတိယလှိုင်း ကူးစက်ပြန့်နှံ့မှု မြှင်မားလာခြင်းနှင့်အတူ သန္ဓေပြောင်း ကူးစက်မြန် ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုနှုန်းလည်းမြှင့်တက်နေပြီး ကုသရေးအတွက် လိုအပ်သည့် အရေးပေါ်အောက်ဆီဂျင်များလည်း ပြတ်လပ်မှုများနှင့် ကန့်သတ်ပိတ်ပင်မှုများရှိနေကြောင်း သိရသည်။

 
 

 

 

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...