ကိုဗစ်တတိယလှိုင်းကြောင့် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် အောက်ဆီဂျင်ရရှိမှု အခက်အခဲ ကြုံတွေ့နေရသည့်အတွက် ပြည်သူလူထုများအလှူငွေဖြင့် အောက်ဆီဂျင်စက်ရုံတစ်ခုတည်ဆောက်ရန် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်ရောဂါကူးစက်ခံ ပြည်သူလူထုများ အောက်ဆီဂျင် လုံလောက်စွာရရှိရေးအတွက် ရည်ရွယ်ပြီး ဖားအံမြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များနှင့် လူငယ်များ၏ သဘောတူညီချက်အရ အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရန် စတင်အကောင်အထည်ဖော် ဆောင်ရွက်ကြခြင်းဖြစ်သည်ဟု ဖားအံမြို့ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး တာဝန်ရှိသူများထံမှ သိရသည်။
ဖားအံမြို့ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့တွင် ပါဝင်သူ ဦးအောင်အောင်ထွန်းက "ကျနော်တို့ ၁၁ ရက်နေ့က မြို့ပေါ်က လူငယ်တွေခေါ်ပြီး စက်ရုံထောင်ချင်တယ်ပြောတော့ လုပ်ကြမယ်ပေါ့။ ဆွေးနွေးပြီး အဖွဲ့တွေဖွဲ့တယ်။ အဲ့နေ့ကစပြီး အလှူငွေတွေစစုပြီး လက်ခံဖြစ်တယ်။ အခုအလှူငွေရနေပြီ။ စက်ကတော့ သြဂုတ်လ ဒုတိယအပတ်လောက်မှာ လည်ပတ်လို့ရပြီ။ အခုလည်း အောက်ဆီဂျင်အိုးတွေကို စပြီးလက်ခံနေပြီးလေ" ဟု ကေအိုင်စီသို့ပြောသည်။
ယခုတည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံအတွက် လိုအပ်သည့် စက်ပစ္စည်းကို ထိုင်းနိုင်ငံမှ ဝယ်ယူသွားမည်ဖြစ်ပြီး စက်၏တန်ဖိုးမှာ ကျပ်သိန်းပေါင်း (၉၀၀) ဝန်းကျင် ကုန်ကျမည်ဖြစ်သည်။
စက်၏ ထုတ်လုပ်နိုင်သည့်စွမ်းရည်မှာ တစ်နာရီလျှင် ၁၆၀ လီတာထုတ်နိုင်ကာ လျှပ်စစ်မီးရရှိမှုအား၊ လူအင်အားနှင့် ကုန်ကြမ်းရရှိမှုအပေါ် မူတည်၍ တစ်ရက်လျှင် လီတာပေါင်း ၂၀၀၀ ဝန်းကျင် ထုတ်နိုင်မည်ဟုလျာထားကြောင်း ဖားအံအောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး တာဝန်ရှိသူက ဆိုသည်။
ကရင်ပြည်နယ်တွင် ဖားအံမြို့ရှိ ပြည်သူလူထုအလှူငွေဖြင့် ယခုတည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံအပြင် မြဝတီမြို့တွင်လည်း အလားတူအောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်ရှိသလို ပြည်နယ်စစ်ကောင်စီအနေဖြင့်လည်း အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်ရှိကြောင်း သိရသည်။
လတ်တလော ဖားအံမြို့အတွင်းရှိ အောက်ဆီဂျင်ဖြည့်သည့်ဆိုင်များတွင် အောက်ဆီဂျင်ပြတ်လပ်သောကြောင့် အောက်ဆီဂျင်လိုအပ်နေသူများအတွက် လူမှုကူညီရေးအသင်းအဖွဲ့များမှ ကူညီပြီး သထုံနှင့် မော်လမြိုင်တို့တွင် သွားရောက်ဖြည့်သွင်းပေးခြင်းရှိကြောင်း ဦးအောင်အောင်ထွန်းက ပြောသည်။
၎င်းအပြင် စစ်ကောင်စီမှ ရန်ကုန်အပါအဝင် ပုဂ္ဂလိကပိုင် အောက်ဆီဂျင်စက်ရုံများတွင် ပြည်သူလူထုများကို အောက်ဆီဂျင်ရောင်းချခွင့် ကန့်သတ်လိုက်ခြင်းရှိပြီး ပြည်သူတစ်ဦးချင်းကို အောက်ဆီဂျင်ဖြည့်ဆည်းဝယ်ယူခွင့်ကို မပေးတော့ဘဲ အဓိကလိုအပ်သည့် ဆေးရုံများတွင်သာ ဖြည့်ဆည်းပေးရန်အတွက် ကန့်သတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်လ ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။







