ဖားကန့် အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကြောင့် ပြည်သူ ၆ ဦး ကျည်ထိဒဏ်ရာရ

ဖားကန့် အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကြောင့် ပြည်သူ ၆ ဦး ကျည်ထိဒဏ်ရာရ

ဖားကန့် ကပ်မှော်အုပ်စု ဆိုင်းဖရာကျေးရွာ (Seng Hpra Mare) နှင့် ခွမ်ဆိုင်ဇွပ် (Hkum Tsai Zup) ကျေးရွာအတွင်းသို့ ယနေ့နံနက် အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကျရောက်သဖြင့် ပြည်သူ ၆ ဦး ကျည်ထိမှန်ကာ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း သိရသည်။

ယနေ့နံနက် ၅ နာရီခွဲဝန်းကျင်တွင် ဖားကန့် ဆိုင်းဖရာကျေးရွာအနီး ခွမ်ဆိုင်ဇွပ်ကျေးရွာအနောက်ဘက်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ၁ နာရီခန့်ကြာ အပြန်လှန် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ထိုနေရာသို့ နန့်ယားကျေးရွာ (Nam Ya Mare) အခြေအစိုက် စစ်တပ်စခန်းမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ ဆိုင်းဖရာကျေးရွာနှင့် ခွမ်ဆိုင်ဇွပ် ကျေးရွာ ၂ ခုတွင် လက်နက်ကြီးများ ကျရောက်ခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲဖြစ်တဲ့ဘက်ကို နန့်ယားစစ်တပ်က လက်နက်ကြီးနဲ့ပစ်တယ်။ တိုက်ပွဲဖြစ်တဲ့ဘက်ကိုမကျဘဲ ရွာမှာ ၃ လုံးကျတယ်။ ရွာထိပ်ဘက်မှာ ၂ လုံးကျတယ်။ KBC ဘုရားကျောင်းရှေ့မှာက လူနေအိမ် ရေချိုးကန်ထဲမှာသွားကျတယ်။ အိမ်မှာရှိနေတဲ့ ပြည်သူ ၅ ယောက်ကို ကျဉ်ထိမှန်သွားတယ်။ ၅ ယောက်စလုံးက တစ်နေရာစီမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားတယ်” ဟု ဆိုင်းဖရာဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

လူနေအိမ်အတွင်း လက်နက်ကြီးကျပြီး ထိခိုက်ဒဏ်ရာရရှိထားသူ ၆ ဦးတွင် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၂ ဦးဖြစ်သည်။

အမျိုးသား ၂ ဦးအနက် တစ်ဦးမှာ ဂေါ့လိုယန်ကျေးရွာမှဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိထားကြောင်း သူက ဆက်လက်ပြောဆိုသည်။

“အဲ့အိမ်မှာက ဆွေမျိုးမိသားစုတစ်စု လာတည်းနေကြတာ ဟုတ်တယ်။ လာတည်းနေတဲ့ မိသားစု ၄ ယောက်စလုံး ထိသွားတယ်။ တစ်ယောက်က အိမ်ပိုင်ရှင်အမျိုးသမီးဖြစ်တယ်။ နောက်တစ်ယောက်က ဂေါ့လိုယန်က အမျိုးသားဖြစ်တယ်” ဟု ဆိုသည်။

အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကျည် ထိမှန်ထားသူ ၆ ဦးမှာ အသက် ၆၀ နှစ်အရွယ် ဒေါ်ဖော်ယိုးဆိုင်း (Hpau Yu Seng)၊ အသက် ၃၇ နှစ်အရွယ် ဒေါ်လုထွယ်စင် (Lu Htoi Tsin)၊ အသက် ၄၉ နှစ်အရွယ် ဦဖော်လားဒွတ်လာ (Hpau La Dut La)၊ အသက် ၅၁ အရွယ်ရှိ ဦးမဂျီလ (Maji La)၊ အသက် ၄၀ နှစ်အရွယ်ရှိ ဒေါ်ဖော်ယိုးခေါန် (Hpauyu Hkawn mai) နှင့် ၈ နှစ်အရွယ်ရှိ ဖော်လားမပရီလွမ် (Hpaula Pri Lum) တို့ ဖြစ်ကြသည်။

ဇူလိုင် ၁၄ ရက် ညနေပိုင်းကလည်း ဖားကန့်မှဆင်းလာသည့် အာဏာသိမ်းစစ်တပ်ကို ဂေါ့လိုယာန်ကျေးရွာ ဖုန်းတာဝါတိုင်အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က စောင့်ကြိုတိုက်ခိုက်ခဲ့သည်။

 
 

 

 

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...