ခေါင်းဆောင်များကို လုပ်ကြံရန် စီစဉ်နေသည်ဟူသော စစ်ကောင်စီ၏ လုပ်ကြံသတင်းကို နားမယောင်ရန် KNDO ပြော

ခေါင်းဆောင်များကို လုပ်ကြံရန် စီစဉ်နေသည်ဟူသော စစ်ကောင်စီ၏ လုပ်ကြံသတင်းကို နားမယောင်ရန် KNDO ပြော

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်များကို လုပ်ကြံရန် စီစဉ်နေသည်ဟူသော စစ်ကောင်စီ၏ ဝါဒဖြန့်လုပ်ကြံသတင်းကို နားမယောင်ကြရန် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) က ယနေ့ (ဇူလိုင် ၁၄ ရက်) ကြေညာချက်ထုတ်ကာ ပြောဆိုလိုက်သည်။

 

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထွက်ပေါ်နေသည့် KNU ခေါင်းဆောင်များကို လုပ်ကြံရန် စီစဉ်နေသည် ဟူသည့်စာသည် လုံးဝမှန်ကန်မှုမရှိဘဲ စစ်ကောင်စီဝါဒဖြန့်စာတစ်ခုသာဖြစ်သည်ဟု KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ကေအိုင်စီသို့ ယခုလိုပြောသည်။

 

“KNU ခေါင်းဆောင်တွေကို လုပ်ကြံမယ်ဆိုတာ ရန်သူရဲ့ ဝါဒဖြန့် လုပ်ကြံသတင်းတစ်ခုသာဖြစ်တယ်။ ရန်သူရဲ့ အကြံအစည်ကို အားလုံးသတိထားကြပါ။ အဲလို ယုတ်မာပက်စက်တဲ့အကြံအစည်မျိုး ကျနော်တို့မှာ မရှိပါဘူး။ ရန်သူက အမျိုးမျိုးလုပ်ဆောင်နေပါပြီ။ သတိထားကြပါ။ အဲဒါကိုပဲ ပြောချင်တာပါ” ဟု ကေအိုင်စီသို့ ပြောသည်။

 

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့်စာတွင် ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့က မြဝတီခရိုင် ဝေါလေမြို့နယ်တွင် ဖြစ်ပွားနေသော လူ ၂၅ ဦးသတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ KNU မှ စုံစမ်းစစ်ဆေးပြီး ချမှတ်ခဲ့သည့် တရားစီရင်မှုကို စောနယ်ဒါးမြမှ လက်ခံခြင်းမရှိသည့်အပြင် ကေအဲန်ယူခေါင်းဆောင်များအား လုပ်ကြံရန် စီစဉ်နေကြောင်း ရေးသားထားသည်။

 

KNDO မှ ယနေ့ထုတ်ပြန်လိုက်သော တုန့်ပြန်စာအရ Media Platform များတွင် ပျံ့နှံ့နေသော ရက်စက်စွာသတ်ဖြတ်နေသည့် ရုပ်သံသည် လုပ်ကြံသတင်းသာဖြစ်သလို KNDO သည် KNU ခေါင်းဆောင်များအား လုပ်ကြံရန် စီစဉ်နေသည်ဟူသော သတင်းသည်လည်း လုံးဝ မမှန်ကန်ကြောင်း၊ ကရင်တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရေးကို မလိုလားသော စစ်ကောင်စီ၏ သွေးထိုးနေခြင်းကို နားမယောင်ရန် သတိပေးနှိုးဆောင်အပ်ပါသည်ဟု ဖော်ပြထားသည်။

 

ယခုကိစ္စနှင့်ပတ်သက်၍ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ပြောခွင့်ရသူ နော်ဝါးခူရှီးက “ဗမာစစ်တပ်ရဲ့ သွေးခွဲတဲ့ အကြံအစည်ဟာ အရင်က အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးပြီးဖြစ်တဲ့အတွက် ဒါကို ကျမတို့ သင်ခန်းစာယူတတ်ဖို့လိုတယ်။ အရင်ကလည်း ခေါင်းဆောင်တွေအချင်းချင်းကြား လုပ်ကြံသတ်ဖြတ်မှုတွေလည်း ဖြစ်ပွားခဲ့တယ်။ ဒါတွေဟာ ဗမာစစ်တပ်ရဲ့အလုပ်ကို လုပ်ပေးတာပဲဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေက ကျမတို့ ကရင်လူမျိုးအတွက် ကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါကို အဖက်ဖက်က သတိထားရပါမယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကျမတို့အချင်းချင်း မျက်နှာချင်းဆိုင် ပြောဆိုဆွေးနွေးဖို့လိုပါတယ်” ဟု ပြောသည်။

 

ပြီးခဲ့သည့် ဇွန်လအတွင်းဖြစ်ပေါ်ခဲ့သည့် ဝေါ်လေတွင် လူ ၂၅ ဦး သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဇူလိုင်လ (၅) ရက်နေ့တွင် အစည်းအဝေးခေါ်ယူခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် ၎င်း KNDO ခေါင်းဆောင်နှစ်ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ဇူလိုင်လ (၈) ရက် နေ့စွဲဖြင့် KNU က အသိပေးစာပေးပို့ခဲ့သည်။

 

၎င်းအသိပေးစာကို ဗိုလ်မှူးချုပ်စောနယ်ဒါးမြက လက်မခံနိုင်ကြောင်း ဇူလိုင်လ ၁၁ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့ပြီး ယခုကိစ္စအပေါ် ပြည်တွင်း/ပြည်ပရှိ ကရင်လူထုများ၏ လူမှုကွန်ရက်စာမျက်နှာများတွင် မတူကွဲပြားသည့် ထောက်ပြပြောဆိုမှုများစွာ ထွက်ပေါ်လာခဲ့သလို KNU ခေါင်းဆောင်များကို KNDO က လုပ်ကြံရန် စီစဉ်နေသည်ဟု သတင်းများလည်း တပြိုင်နက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...