ကြာအင်းဆိပ်ကြီးမြို့နယ် ရဲမှူးနှင့် လဝကဦးစီးမှူးတို့ ကိုဗစ်ပိုးကူးစက်ခံရ

ကြာအင်းဆိပ်ကြီးမြို့နယ် ရဲမှူးနှင့် လဝကဦးစီးမှူးတို့ ကိုဗစ်ပိုးကူးစက်ခံရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် စစ်ကောင်စီ၏ ရဲမှူးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူးတို့သည် ယမန်နေ့ (ဇူလိုင်လ ၁၃ ရက်) က Covid-19 ပိုးကူးစက်ခံရသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးဝင်းဗိုလ်နှင့် လဝကဦးစီးမှူး ဦးဆန်းဦးတို့ကို ဇူလိုင်လ ၁၃ ရက်နေ့တွင် ကိုဗစ်ပိုးစစ်ကိရိယာ RTD (test kit) ဖြင့်စစ်ဆေးရာ ၎င်းတို့နှစ်ဦးစလုံး ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး ဝင်းဗိုလ်နှင့် လဝကဦးစီးမှူး ဦးဆန်းဦးတို့သည် ဇူလိုင်လ ၁၂ ရက်နေ့က ကိုဗစ်ပိုးကူးစက်ခံထားရသူ မြို့နယ်စစ်ကောင်စီ ဥက္ကဌ ဦးမျိုးဟန်နှင့် ခရီးအတူသွားလာထားသူများဖြစ်ကြပြီး ၎င်းတို့နှင့် ထိတွေ့ထားသူများကိုလည်း ကိုဗစ်ပိုးရှိ/မရှိ စစ်ဆေးသွားမည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရှိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက “အုပ်ကြီးရယ်၊ ရဲမှူးရယ်၊ လဝကဦးစီးမှူးရယ် ကိုဗစ်ပိုးကူးစက်ခံရတယ်။ ခု ၃ ဦးစလုံး ဆေးရုံမှာ ကုသမှုခံနေရတယ်။ သူတို့တွေ ခရီးအတူသွားထားကြတယ်။ ထွေအုပ်ဝန်ထမ်းတွေကိုစစ်တော့ ပိုးမတွေ့ဘူး။ လဝကနဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုတော့ မသိရဘူးပေါနော်” ဟု ကေအိုင်စီသို့ပြောသည်။

မြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်ပိုးလူနာများထားရှိရန် နေရာမလုံလောက်သည့်အတွက် နောက်ထပ်လူနာများကို မြို့မအားကစားရုံတွင် နေရာချပေးထားမည်ဖြစ်ပြီး ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် မြို့၏ အဝင်/အထွက်နေရာများတွင် ကျန်းမာရေးစိစစ်ခြင်းနှင့် စားသောက်ကုန်များအား ပါဆယ်စနစ်ဖြင့်သာရောင်းချကြရန် ဇူလိုင် ၁၂ ရက်နေ့က ထုတ်ပြန်ကြေညာထားကြောင်း မြို့ခံများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့မှစပြီး Mytel ဆက်သွယ်ရေးဝန်ထမ်းများထံမှ COVID-19 ပိုးကူးစက်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့အထိ ပိုးတွေ့လူနာ ၃၆ ဦးရှိပြီး လက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသူ ၂၄ ဦးနှင့် ရောဂါပျောက်ကင်းသူ ၁၂ ဦးရှိသည်ဟု သိရသည်။

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...