အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဖျက်သိမ်းဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မျက်နှာစုံညီအစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ အာဏာသိမ်းစစ်ကောင်စီကော်မရှင်က ပြောပါတယ်။
ဒီကနေ့ ဇူလိုင် ၁၂ ရက်နေ့ အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းစာရှင်လင်းပွဲမှာ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောဆိုခဲ့တာပါ။
“NLD ပါတီ ဖျက်သိမ်း/မသိမ်းကို ကျွန်တော် တထိုင်တည်းပြောလို့မရပါဘူး၊ ဒီကိစ္စကို ကော်မရှင်ဥက္ကဋ္ဌပါတဲ့ စုံညီအစည်းအဝေးမှာ ဆုံးဖြတ်သွားပါမယ်” လို့ ဦးခင်မောင်ဦးက ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းစာရှင်လင်းပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီဟာ မဲသမာမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ တဖက်သတ်စွပ်စွဲချက်တွေနဲ့ ထပ်မံရှင်းလင်းသွားခဲ့ပါတယ်။
ဒါအပြင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အချိုးကျကိုယ်စားပြုစနစ် (PR) စနစ် ကျင့်သုံးဖို့ ဆွေးနွေးသွားဖို့ရှိနေတယ်လို့ ဆိုပါတယ်။







