တာဝန်ယာယီရပ်ဆိုင်းခံရမှုအပေါ် လက်မခံကြောင်း KNDO စစ်ဦးစီးချုပ် သဘောထားထုတ်ပြန်

တာဝန်ယာယီရပ်ဆိုင်းခံရမှုအပေါ် လက်မခံကြောင်း KNDO စစ်ဦးစီးချုပ် သဘောထားထုတ်ပြန်

ဇူလိုင်လ ၈ ရက်နေ့က ထုတ်ပြန်လိုက်သည့် ကရင်အမျိုးသားအစည်းအရုံး-KNU ကာကွယ်ရေးဌာန၏ တာဝန် ယာယီရပ်ဆိုင်းကြောင်း အမိန့်စာအပေါ် လက်မခံကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ယမန်နေ့ (ဇူလိုင်လ ၁၁ ရက်) က သဘောထား ပြန်လည်ထုတ်ပြန်ကြေညာလိုက်သည်။

ကာကွယ်ရေးဌာနမှူး ပဒိုစောရောဂျာခင်မှ ၎င်းနှင့် ဗိုလ်ဘာဝါး နှစ်ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းမည့်အပေါ် လုံးဝလက်မခံနိုင်ကြောင်းနှင့် KNDO တပ်ဖွဲ့ဝင်များအပြင် ပြည်ပရောက် ကရင်လူထုအနေဖြင့်လည်း လုံးဝ လက်မခံကြောင်း ဖော်ပြပါရှိသည်။

“ဒီစာကို ကျနော်တို့ လက်ခံလိုက်ပြီးဆိုရင် ကျနော်တို့ ဘာမှ လုပ်နိုင်မှာမဟုတ်တော့ဘူး။ ရန်သူရဲ့အလုပ်ကို ကိုယ်က လုပ်ပေးသလိုမျိုးဖြစ်နေတယ်။ ဒါကြောင့် ကာကွယ်ရေးဌာနက ထုတ်တဲ့စာကို ကျနော်တို့ လက်မခံနိုင်ဘူး။ ရန်သူနဲ့ NCA လုပ်တဲ့ ခေါင်းဆောင်တွေနောက်ကို ကျနော်တို့ မလိုက်နိုင်တော့ဘူး” ဟု ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ၎င်း၏ သဘောထားထုတ်ပြန်စာတွင် ပြောဆိုရေးသားထားသည်။

အလားတူ ယမန်နေ့က KNDO ၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ယခုလို တာဝန်မှ ယာယီရပ်ဆိုင်းခံလိုက်ရသည့်အပေါ် လက်မခံကြောင်းနှင့် ယခုကိစ္စတွင် ရန်သူ၏ ဖိအားပေးထိုးနှက်ချက်များ ပါဝင်ကြောင်းလည်း ရုပ်သံဖြင့် ရိုက်ကူးထုတ်ပြန်ထားသေးသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ဝေါ်လေဖြစ်စဉ်နှင့်ပတ်သက်ပြီး ဗိုလ်မှူးချုပ် စောနယ်ဒါးမြနှင့် ဗိုလ်စောဘာဝါးတို့ကို တာဝန် ယာယီရပ်ဆိုင်းလိုက်ကြောင်း KNU ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီမှ ဇူလိုင်လ ၅ ရက်နေ့က အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ဇူလိုင်လ ၈ ရက်နေ့ ရက်စွဲဖြင့် KNU ၏ ကာကွယ်ရေးဌာနမှ အမိန့်စာထုတ်ပြန်လိုက်သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး KNU ဒု-ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက “လူ့အခွင့်အရေးအရတော့ လိုက်နာလုပ်ဆောင်ရတာတွေရှိတာပဲ။ ကျနော်တို့အဖွဲ့အစည်းမှာ စည်းမျဉ်းစည်းကမ်းရှိနေတာနဲ့အညီ သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးတာ တင်ပြတာမျိုးတော့ လုပ်ရမှာပဲ။ ဒါက အဖွဲ့အစည်းက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်တာပါပဲ” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် အဆိုပါကိစ္စကို ရှင်းလင်းပေးရန် KNDO စစ်ဦးစီးချုပ်ကို ဗဟိုမှဆင့်ခေါ်သော်လည်း ၎င်းကိုယ်တိုင် မလာရောက်ဘဲ အရေးပေါ်အစည်းအဝေးအရ ယခုလို တာဝန်ရပ်ဆိုင်းရန် ဆုံးဖြတ်ခြင်းဖြစ်ပြီး တပ်ပိုင်းဆိုင်ရာ ရာထူးအနေဖြင့် ဆက်ရှိနေမှာဖြစ်သလို တာဝန်ဖြစ်သည့် KNDO စစ်ဦးစီးချုပ်တာဝန်ကို ယာယီရပ်ဆိုင်းထားခြင်းမျိုးသာဖြစ်ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုအပြီး ထွက်ပေါ်လာရသည့်ရလဒ်အပေါ် တရားရေးအရ ဆုံးဖြတ်ပိုင်ခွင့်ရှိသည့်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်သာဖြစ်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ဆက်ပြောသည်။

အရေးပေါ်အစည်းအဝေး၏ ဆုံးဖြတ်ချက် အမှတ် (၄) အပိုဒ် (၁) နှင့် (၂) အရ KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနှင့် ဗိုလ်ဘာဝါးတို့ကို ရာထူးမှ ယာယီရပ်ဆိုင်းလိုက်ကြောင်း၊ ၎င်း၏ လစ်လပ်ရာထူးတွင် KNDO ၏ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး စောဖိုးလဝင်းမှ ယာယီ တာဝန်ယူသွားရမည်ဖြစ်ကြောင်းလည်း ၎င်း KNU ဗဟို၏ အမိန့်စာတွင် ဖော်ပြထားသည်။

ယခုလို တာဝန်ရပ်ဆိုင်းခံရမှုကိစ္စနှင့် တာဝန်ရပ်ဆိုင်းခံရမှုအပေါ် လက်မခံသည့်ကိစ္စ ပေါ်ပေါက်လာသည့်အပေါ် ကရင်လူထုအကြား အမြင်အမျိုးမျိုးကွဲပြားနေပြီး နောက်ထပ် ကရင့်လက်နက်ကိုင်ခွဲထွက်မှု ထပ်မံဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်သူများရှိကာ ဗိုလ်မှူးချုပ် စောနယ်ဒါးမြ တာဝန် ယာယီရပ်ဆိုင်းခံရမှုအပေါ် လက်မခံနိုင်ကြောင်းလည်း ပြည်ပရောက် ကရင်တချို့နှင့် ပြည်တွင်း ကရင်လူငယ်တချို့တို့ကလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြမှုများ ရှိနေကြသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က မြဝတီခရိုင်၊ ဝေါလေမြို့နယ်၊ ကနဲလေး-မော်ခီးသွား ကားလမ်း၊ အူးဟူချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်နေရာမှ အလုပ်သမားဆိုသူ ၄၇ ဦးအား KNDO က ဖမ်းဆီးခဲ့ပြီးနောက် ၂၂ ဦးအား ပြန်လွှတ်ပေးခဲ့ကာ ၂၅ ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ခဲ့သည့်အပေါ် KNDO ဘက်က သေဆုံးသွားသူအားလုံးမှာ အရပ်သားများမဟုတ်ဘဲ ဆောက်လုပ်ရေးအသွင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဖမ်းဆီးရမိချိန် သိမ်းဆည်းရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရာထူးရာခံ အဆောင်အယောင်များနှင့်တကွ ပြန်လည်ရှင်းလင်းထုတ်ပြန်ပြီး ၎င်းတို့၏ နယ်မြေအတွင်းသို့ စုံစမ်းထောက်လှမ်းမှုများလည်းပြုလုပ်ခဲ့ကြောင်း KNDO စစ်ဦးစီးချုပ်ကိုယ်တိုင် ရှင်းလင်းပြောဆိုခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ KNU ဗဟိုနှင့် ခရိုင်တာဝန်ရှိသူများကလည်း စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ပြန်လည်ထုတ်ပြန်ထားပြီး ယခုလို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ် KNDO ထိပ်ပိုင်းခေါင်းဆောင် ၂ ဦးအား ရာထူးမှ ယာယီရပ်ဆိုင်းခံလိုက်ရခြင်းဖြစ်သည်။

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...