မင်္ဂလာဒုံမြို့နယ် လျှပ်စစ်မီတာ (EPC) ရုံးတွင် ဗုံးပေါက်

မင်္ဂလာဒုံမြို့နယ် လျှပ်စစ်မီတာ (EPC) ရုံးတွင် ဗုံးပေါက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် လျှပ်စစ်မီတာ (EPC) ရုံးမှာ ဒီနေ့ ဇူလိုင်လ ၉ ရက်၊ မနက်အစောပိုင်း ၄ နာရီခွဲဝန်းကျင်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မင်္ဂလာဒုံမြို့နေ ပြည်သူတစ်ဦးက မဇ္ဈိမကိုပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်တွေရောက်ရှိနေပြီး စစ်ဆေးမေးမြန်းမှုတွေရှိနေတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိခဲ့ဘူးလို့လည်း ကနဦးသိရပါတယ်။

“ဒီနေ့မနက် ၄ နာရီခွဲလောက်က ဗုံးပေါက်တာ။ အသံအကျယ်ကြီးတစ်ချက် ကြားလိုက်ရတယ်။ ပြီးတော့ လျှပ်စစ်ရုံးရဲ့ အဝင်ဝတံခါးကတော့ ပျက်စီးသွားတယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့ အဲ့နေရာကို သွားကြည့်လို့မရဘူး။ အစစ်အဆေးတွေရှိတယ်။ စကစတွေလည်း ရောက်နေတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မြို့နယ်လျှပ်စစ်မီတာရုံး ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မင်္ဂလာဒုံမြို့နယ်မှာ ဇူလိုင်လ ၇ ရက်နေ့က မီတာခတွေပေးဆောင်ဖို့ ရပ်ကွက်အတွင်း လိုက်လံကြေညာတာ၊ အိမ်တွေမှာ မီတာခတွေပေးဆောင်ဖို့ လိုက်ပြောတာတွေရှိခဲ့ပြီး ဇူလိုင်လ ၈ ရက်မှာ မီတာခမပေးဆောင်တဲ့အိမ်တွေက မီးကြိုးတွေကို လိုက်လံဖြတ်တောက်တာတွေ လုပ်ခဲ့တယ်လို့ မြို့ခံက ပြောပါတယ်။

ဒီနေ့ ဇူလိုင်လ ၉ ရက် မနက် ၁၁ နာရီအထိ သတင်းတွေအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မင်္ဂလာဒုံမြို့နယ် လျှပ်စစ်မီတာရုံး၊ လမ်းမတော်မြို့နယ် ကမ်းနားလမ်းက လျှပ်စစ်မီတာရုံး၊ စမ်းချောင်းမြို့နယ်က လျှပ်စစ်မီတာရုံး စတဲ့ နေရာသုံးနေရာလောက်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်ကလည်း တာမွေ၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်းမြို့နယ်ရှိ မြို့နယ်လျှပ်စစ်မီတာရုံးတွေမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မြို့ပြပြောက်ကျားတပ်ဦးက နောက်ဆုံးအကြိမ် သတိပေးတဲ့အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

ပြည်သူတွေအပေါ် လျှပ်စစ်မီး မီတာခပေးဆောင်ဖို့ အတင်းအကြပ် ဖိအားပေးကောက်ခံနေသူတွေကို စစ်ကောင်စီဝင်ငွေရအောင် ကြိုးပမ်းဆောင်ရွက်နေသူတွေအဖြစ် သတ်မှတ်ပြီး ထပ်မံဖိအားပေးကောက်ခံနေရင် အသက်ကို အာမမခံနိုင်ဘူးလို့ မြို့ပြပြောက်ကျားတပ်ဦး (UGRF) က ဇူလိုင်လ ၈ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားခဲ့ပါတယ်။

June 17, 2026
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် ဇွန်လ ၁၆ ရက်က ပေကျင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်...
စစ်အုပ်စုတပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် ပြာကျသွားသည့် မြစ်ခြေမြို့နယ်အတွင်းရှိနေအိမ် တလုံးကို တွေ့ရစဉ် (ပုံအဟောင်း)⁩
June 16, 2026
မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေမြို့တွင် စစ်အုပ်စုတပ်က ရိက္ခာပြန်ယူသည့် ဒေသခံ နှစ်ဦးနှင့်...
June 15, 2026
စစ်အုပ်စု စစ်ကြောင်းထိုးနေသည့်အတွက် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် အနီးတဝိုက်မှ...
June 13, 2026
ကျားဖြန့်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိသည့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီခရိုင်၊...