ဒီကိစ္စကို ကျနော် ဉာဏ်မီသလောက်နဲ့ စဉ်းစားကြည့်မိတယ်။ ပထမဆုံးပေါ်လာတဲ့မေးခွန်းက လျှို့ဝှက်ရေးဆိုတာ ဘာလဲဆိုတဲ့ကိစ္စပဲ။ မြန်မာအဘိဓာန်ကတော့ ‘သူတစ်ပါးမသိအောင် သိုသိုသိပ်သိပ်ပြုမူသည်’ လို့ အနက်ပေးထားပါတယ်။
အဲဒီ ယေဘုယျအနက်ဖွင့်ဆိုချက်ကို အစချီပြီး ဆက်စဉ်းစားတော့ ‘ဘယ်လိုရည်ရွယ်ချက်အတွက်လဲ - ဘယ်သူ့အတွက်လျှို့ဝှက်မှာလဲ’ ဆိုတဲ့ မေးခွန်းတစ်ခု ထပ်ပေါ်လာပြန်ပါတယ်။ ဆက်စဉ်းစားကြည့်တော့ အဲဒီမေးခွန်းဟာ လျှို့ဝှက်ရေးရဲ့ အဓိကအချက်ပဲလို့ ကျနော့်တစ်ဦးချင်း နားလည်သဘောပေါက်လာပါတယ်။
ရည်ရွယ်ချက်မဲ့တဲ့ - ဘယ်သူ့အတွက်မှလည်း အကျိုးမရှိတဲ့ လျှို့ဝှက်ရေးဆိုတာ ဘယ်လိုမှမရှိနိုင်ဘူး။ ဒီတော့ လျှို့ဝှက်ရေးရဲ့ ရည်ရွယ်ချက်နဲ့ အကျိုးစီးပွားကို သက်ဆိုင်သူတိုင်းက သေချာစွာ သိရှိနားလည်သဘောပေါက်ထားပြီဆိုရင် လျှို့ဝှက်ရမယ့်ကိစ္စတွေကို သိုသိုသိပ်သပ်နဲ့ ရည်မှန်းချက်အောင်မြင်အောင် ထိန်းသိမ်းဆောင်ရွက်ထားနိုင်မယ်ဆိုတာ နားလည်လာရပါတယ်။
ပြီးတော့ လျှို့ဝှက်ရေးဆိုတာ မိမိထားရှိတဲ့ ရည်ရွယ်ချက်နဲ့ သက်ဆိုင်ရာလုပ်ငန်းရဲ့ သဘောသဘာဝအပေါ်မူတည်ပြီး ကာလတိုနဲ့ ကာလရှည်ဆိုပြီး အခြေခံအားဖြင့် အမျိုးအစားနှစ်မျိုး ရှိနိုင်ပါလိမ့်မယ်။
ဒီမှာ ကျနော်ရည်ရွယ်ပြီးပြောချင်တဲ့ ‘လျှို့ဝှက်ရေး’ ကတော့ တိုင်းပြည်နဲ့အဝန်း၊ တောင်ပေါ်မြေပြန့် - မြို့ပြကျေးလက်ဒေသတွေမှာ ခုခံတော်လှန်စစ်ပွဲဆင်နွှဲနေတဲ့ တိုက်ခိုက်ရေးကိစ္စအားလုံးအတွက် တည့်တည့်မတ်မတ် ရည်ရွယ်ပါတယ်။
ယုတ်မာကောက်ကျစ်တဲ့၊ ပရိယာဝေဝုစ်များတဲ့၊ ခေတ်မီလက်နက်၊ ယာဉ်၊ ဆက်သွယ်ရေးစက် အပြည့်အစုံတပ်ဆင်ထားတဲ့၊ စနစ်တကျ လေ့ကျင့်စုဖွဲ့ထားတဲ့ မင်းအောင်လှိုင် - စိုးဝင်း စစ်ကောင်စီရဲ့ တစ်လက်ကိုင်စစ်တပ်တွေကို ရင်ဆိုင်ယှဉ်ပြိုင်တိုက်ခိုက်တဲ့အခါမှာ ကျနော်တို့တပ်တွေဟာ မိမိတို့ရဲ့ လှုပ်ရှားမှုမှန်သမျှနဲ့ပတ်သက်တဲ့ လျှို့ဝှက်ရေးကို မိုးထိအောင် မြင့်မြင့်မားမား ထားကြရပါလိမ့်မယ်။ ရန်သူအုပ်စိုးသူက နည်းလမ်းမျိုးစုံနဲ့ ရှာဖွေဖော်ထုတ်စုံစမ်းပြီး ချေမှုန်းမှာပါ။
ဒီတော့ ကျနော်တို့ဟာ ကျနော်တို့ရဲ့ လှုပ်ရှားမှုမှန်သမျှကို ရန်သူ ဘယ်လိုမှစုံစမ်းဖော်ထုတ်လို့မရအောင် လျှို့ဝှက်ကြရလိမ့်မယ်။ ဒီအတွက် ပထမဆုံးလိုအပ်ချက်က တပ်ဖွဲ့တွေအချင်းချင်း နည်းလမ်းမျိုးစုံနဲ့ (ဖုန်း/ကွန်ပျူတာ/ဆက်သွယ်ရေးစက်၊ စကားဝှက် စတဲ့နည်းလမ်းအားလုံး) ဆက်သွယ်ဆောင်ရွက်မှုတွေရဲ့ လုံခြုံမှုနဲ့စည်းကမ်းကို တိုးမြှင့်ရမယ်။ မြေပြင် အသွားအလာတွေကို ကန့်သတ်ရမယ်။ တခါတရံမှာလည်း အကန့်အသတ်တွေလုပ်လိုက်ခြင်းကြောင့်လည်း တဖက်ရန်သူက ကိုယ့်လှုပ်ရှားမှုကို ရိပ်မိသွားတတ်တာမျိုးလည်း ဖြစ်နိုင်သေးတာမို့ သိုသိပ်မှုတွေဟာ ပိုပြီး သိမ်မွေ့ပိရိကြဖို့ လိုအပ်ပါတယ်။
အထူးသဖြင့်တော့ ခေါင်က မိုးလုံဖို့ လိုပါတယ်။ ဒုတိယအားဖြင့် သက်ဆိုင်သူတွေဟာ သတ်မှတ်ထားတဲ့စည်းကမ်းကို ကိုယ်ပိုင်နိုးကြားမှုနဲ့ ထိန်းသိမ်းကာကွယ်စောင့်ထိန်းဖို့ လိုအပ်ပါတယ်။
ဒီနေ့ကာလမှာ ပြည်သူတစ်ရပ်လုံးက ဘယ်အချိန်ကာလကထက်မဆို နိုးကြားနေတာမို့ ဒါဟာ အင်မတန်ကောင်းတဲ့ အခွင့်အခါကောင်းပါ။ ပြည်သူတစ်ရပ်လုံးရဲ့ အကူအညီနဲ့ ကျနော်တို့တပ်တွေဟာ မြေလျှိုးပြီး မိုးပျံလို့ ရနိုင်ပါလိမ့်မယ်။ ပြည်သူတွေရဲ့ အကာအကွယ်ပေးမှုနဲ့ ကျနော်တို့တပ်ကို အချိန်မကျခင်မှာ ဖျောက်ထား - ဝှက်ထား - ဖုံးကွယ်ထားနိုင်ရပါမယ်။ ဒါကြောင့် ပြည်သူတွေထဲမှာ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်စည်းရုံးထားနိုင်ကြရပါမယ်။ ပြည်သူ မလိုလားတဲ့ အပြုအမူတွေကို ကျနော်တို့တပ်တွေ တပ်ဖွဲ့ဝင်တွေက မပြုလုပ်မိကြစေဖို့ တာဝန်ရှိသူတွေက တင်းတင်း ကြပ်ကြပ် ထိန်းသိမ်းကိုင်တွယ်ရပါ့မယ်။
ဒါကြောင့် ပြည်သူတွေရဲ့ အကူအညီမပါဘဲ ကျနော်တို့ရဲ့ လျှို့ဝှက်ရေးဟာ ဘယ်လိုမှ မအောင်မြင်နိုင်ပါဘူး။ ကျနော်တို့ရဲ့ လက်နက်ကိုင်တပ်တွေဟာ တောင်ပေါ်မြေပြန့် - ကျေးလက် - မြို့ပြမှာ ဗိုလ်ကျသောင်းကျန်း အကြမ်းဖက်နေတဲ့ ‘မင်းအောင်လှိုင် - စိုးဝင်းအကြမ်းဖက်စစ်ကောင်စီ’ ရဲ့ တစ်လက်ကိုင်တပ်တွေ၊ ခါးပိုက်ဆောင်တပ်တွေကို တိုက်ခိုက်သုတ်သင်ဖယ်ရှားပြီး ပြည်သူနဲ့ ပြည်သူ့အကျိုးစီးပွားကို တကယ်တမ်း ထိန်းသိမ်းကာကွယ်တဲ့ သစ်လွင်တဲ့ တပ်မတော်သစ်တစ်ရပ်နဲ့ တိုင်းသစ်ပြည်သစ်တစ်ခုကို တည်ဆောက်ကြဖို့ပဲ မဟုတ်ပါလား။
ဒါကြောင့် လျှို့ဝှက်ရေးဆိုတာကို သက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေသာမကဘဲ ပြည်သူထဲမှာပါ နားလည်သဘောပေါက်အောင် စနစ်တကျ ရှင်းလင်းစည်းရုံးထားဖို့ လိုပါတယ်။ ဒီလုပ်ငန်းကိုသာ အောင်မြင်အောင် ဆောင်ရွက်ထားနိုင်ပြီဆိုရင် ရန်သူ့လှုပ်ရှားသတင်းကို ကျနော်တို့က ‘အပ်ကျတာ’ ကအစ သိရှိနိုင်ပြီး ရန်သူကတော့ ကျနော်တို့တပ်ကြီးဟာ သူ့မျက်စိအောက်မှာ ပျောက်ချင်းမလှပျောက်နေအောင် ပြည်သူလူထုအကူအညီနဲ့ ဖန်တီးထားနိုင်ပါလိမ့်မယ်။ စစ်ပွဲတွေကိုလည်း အနိုင်တိုက်နိုင်ပါလိမ့်မယ်။
ရန်သူ့သတင်းပေးနဲ့ သူလျှိုတွေကို ရှင်းလင်းသုတ်သင်ရေးကတော့ လျှို့ဝှက်ရေးထဲက အင်မတန်အရေးပါတဲ့ လုပ်ငန်းတစ်ခုပါပဲ။







