မြန်မာစစ်တပ်၏ ဗုံးဆံများ တရုတ်နိုင်ငံအတွင်း ကျရောက်ပြီး တရုတ်နိုင်ငံသားတချို့ သေဆုံးသဖြင့် တရုတ်အစိုးရက သတိပေးမှုများ ပြုလုပ်ပြီးနောက် နယ်စပ်၌ တရုတ်တပ်များ စစ်ရေးလေ့ကျင့်နေသည့်ကာလနှင့် တိုက်ဆိုင်ပြီး တရုတ်မြန်မာ သံတမန်ဆက်ဆံမှု ၆၅နှစ်မြောက် နှစ်ပတ်လည်နေ့တွင် စိုင်းမောက်ခမ်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ယနေ့ခေတ် နိုင်ငံတကာ ဆက်ဆံရေးများတွင် ရှုပ်ထွေးနေသည့်တိုင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်မှာ ဆီလျော်နေဆဲဖြစ်သည်ဟုလည်း ပြောကြောင်း ဆင်ဟွာသတင်းတပုဒ်က ဖော်ပြသည်။
မြန်မာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို မကြာမီ အကောင်အထည်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း လည်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ဒေါက်တာစိုင်းမောက်ခမ်းက နှစ်နိုင်ငံခြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တဖြည်းဖြည်း သိသိသာသာ ကြီးထွားလာမှုကို ထောက်ပြလျက် တရုတ်သည် မြန်မာတွင် ထိပ်တန်းရင်းနှီးမြုပ်နှံသူဖြစ်ကြောင်း အလေးအနက် ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟို့လန်ကလည်း မြန်မာနှင့် တရုတ်တို့သည် နက်ရှိုင်းသည့် ပြုပြင်ပြောင်းလဲရေးတွင် အရေးကြီးသည့် အဆင့်သို့ ရောက်ရှိနေသည့်အပြင် နှစ်နိုင်ငံကြားရင်းနှီးသည့် ဆက်ဆံရေးမှာလည်း အဆင့်သစ်၊ အခွင့်အလမ်းသစ်များနှင့် ကြံုတွေ့နေရကြောင်း နှစ်ပတ်လည်အခမ်းအနား၌ ပြောကြားသည်။
ထို့အပြင် တရုတ်ပြည်သူများသည် တရုတ်အိမ်မက်ဖြစ်သည့် နိုင်ငံတော်သစ် ထူထောင််ရေး ကြိုးစား အားထုတ်နေသကဲ့ သို့ မြန်မာနိုင်ငံသည်လည်း ငြိမ်းချမ်းသော၊ ဒီမိုကရက်တစ်ကျသော၊ ကြွယ်ဝသော၊ ပွင့်လင်းသော ခေတ်မီနိုင်ငံတော်တစ်ခု တည်ဆောက်ရေးအတွက် ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှုကို မှန်မှန်ဆောင်ရွက်နေသည်ကို တွေ့ရသည်ဟုပြောသည်။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက် စိတ်ဓာတ်ကို ဆက်လက်ဆွဲကိုင်ပြီး နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုမြင့်တင်ရေး၊ နှစ်ဖက် အကျိုးတူပူးပေါင်းဆောင်ရွက်ရေး၊ အစဉ်အလာမိတ်ဖက်ဖြစ်မှုကို ခိုင်မာကျစ်လစ်စေရေး၊ အပြန်အလှန်သင်ယူရေးတို့ ပါ၀င်သော နိုင်ငံတကာ ဆက်ဆံရေးပုံစံသစ် တည်ဆောက်ရေးအတွက် ကြိုးပမ်းရန် တရုတ်-မြန်မာ အကြား ကျယ်ပြန့်သည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေရေး လက်တွဲဆောင်ရွက်ရန် တရုတ်က ဆန္ဒရှိကြောင်း ယန်က ပြောဆိုသည်။
မြန်မာသည် ၎င်း၏ အမျိုးသားရေး အခြေအနေအရ ရွေးချယ်ထားသည့် ဖွံ့ဖြိုးရေးလမ်းကြောင်းကို တရုတ်က အခိုင်အမာ ထောက်ခံကြောင်းလည်း ယန်ကပြောသည်။ ထို့အပြင် မြန်မာသည် ၎င်း၏ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူ့အဖွဲ့အစည်း သဟဇာတဖြစ်မှုတို့အတွက် ဆက်လက်ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။
နှစ်နိုင်ငံ ပြည်သူများ အကျိုးရှိစေရေး One Belt One Road နှင့် BCIM (ဘင်္ဂလားဒေ့ရ်ှ၊ တရုတ်၊ အိန္ဒိယနှင့် မြန်မာ) အစီအစဉ်တို့၏ မူဘောင်အောက်၌ မြန်မာနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် တရုတ်က ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် မီဒီယာများနှင့်လည်း ပိုမိုထိတွေ့သွားပြီး အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုမြှင့်တင်ရန်ဆန္ဒရှိသည်ဟု ယန်က ပြောကြားခဲ့သည်။
တရုတ်နှင့် မြန်မားတို့သည် သံတမန်ဆက်ဆံရေးကို ၁၉၅၀ ပြည့်နှစ်ကတည်းက ထူထောင်ခဲ့သည်။







