NLD အစိုးရလက်ထက်ကတည်းက စတင်ပြီး ယခုစစ်ကောင်စီလက်ထက်မှာ အကောင်အထည်ဖော်နေတဲ့ မော်လမြိုင်မြို့ကို CCTV တပ်ဆင်မယ့်လုပ်ငန်းဟာ (၂၄) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီးဖြစ်ပါတယ်။
အဲ့ဒီ Safe City လို့ခေါ်တဲ့ စီမံကိန်းဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စီမံကိန်းတွေဖြစ်ပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ အများပြည်သူပိုင်နေရာတွေမှာ စီစီတီဗီတွေတပ်ဆင်ကာ သွားလာလှုပ်ရှားမှုတွေကို စောင့်ကြည့်စစ်ဆေးဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှာတော့ ဒီစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ Safe City စီမံကိန်း တင်ဒါကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီးနေထွဋ်ဦးက အမိန့်စာထုတ်ပြန်ပြီးတော့ တင်ဒါအောင်ထားတဲ့ကုမ္ပဏီတွေကို ညွှန်ကြားခဲ့ပါတယ်။
လက်ရှိမှာတော့ မြို့ရဲ့ အချက်အချာကျတဲ့နေရာတွေမှာ CCTV တွေတပ်ဆင်ဖို့ ကေဘယ်ကြိုးတွေကို ချိတ်ဆက်နေပြီးဖြစ်ပါတယ်။
ဒါ့အပြင် တပ်ဆင်ထားတဲ့ CCTV ကနေ စောင့်ကြည့်နိုင်ဖို့အတွက် ထိန်းချုပ်စင်တာကိုလည်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးအတွင်းမှာ ဆောက်လုပ်နေပြီးဖြစ်ပါတယ်။
မြို့ရဲ့ အရေးပါတဲ့ အချက်အချာနေရာတွေမှာ ယခုဘဏ္ဍာနှစ်အတွင်း CCTV တွေ တပ်ဆင်နိုင်ဖို့ ဦးစားပေးဆောင်ရွက်နေတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လက်ရှိမှာတော့ ဖိုင်ဘာကြိုးတွေ ဆွဲနေတယ်။ ထိန်းချုပ်စင်တာကိုလည်း ဆောက်နေပြီ။ အကုန်ပြီးသွားတော့မှ စီစီတီဗီတပ်တဲ့လုပ်ငန်းတွေ စမှာ။ ထိန်းချုပ်စင်တာကိုတော့ မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးထဲမှာပဲ ဆောက်နေတယ်။ ကင်မရာအချို့ကိုတော့ ဒီဘဏ္ဍာနှစ်အတွင်းမှာ တပ်သွားမယ်။အရေးကြီးတဲ့နေရာ ဦးစားပေးပေါ့” လို့ ၎င်းကဆိုပါတယ်။
မော်လမြိုင်နည်းတူ ရန်ကုန်နဲ့ နေပြည်တော်တို့မှာလည်း ဒီစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ရန်ကုန်နဲ့ နေပြည်တော်တို့မှာ တပ်ဆင်ထားတဲ့ cctv ကင်မရာတွေဆိုရင် ကားနံပါတ်ပြားတွေကို ခြေရာခံနိုင်သလို ပြစ်မှုကျူးလွန်ဖူးသူရဲ့ ရာဇဝတ်မှုနောက်ခံအကြောင်းအရာတွေကိုပါ တိုက်ဆိုင်ကြည့်ရှု စစ်ဆေးနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျပ်ငွေ သိန်း (၅၀၀) ကျော်တန်တဲ့ စီစီတီဗီတွေဆိုရင် လမ်းပေါ်သွားနေတဲ့ ကားအတွင်းက လူရဲ့မျက်နှာကို ဓာတ်ပုံရိုက်ထားနိုင်သလို လူအုပ်ကြားထဲက တစ်ယောက်ချင်းစီရဲ့ မျက်နှာကိုလည်း ဓာတ်ပုံရိုက်ထားနိုင်ပါတယ်။
မော်လမြိုင်မြို့မှာ ဆောင်ရွက်နေတဲ့ ဒီစီမံကိန်းကိုတော့ နောင်ရိုးကုမ္ပဏီနဲ့ FISCA ကုမ္ပဏီတို့က တင်ဒါရရှိထားတာဖြစ်ပါတယ်။
ဒီကုမ္ပဏီတွေကတော့ စစ်တပ်နောက်ခံ အသိုင်းအဝိုင်းကလာသူတွေဖြစ်ပြီး နောင်ရိုးကုမ္ပဏီဟာ ထောက်လှမ်းရေးနည်းပညာပစ္စည်းတွေကို အဓိက တင်သွင်းတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။







