သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ စစ်ဘေးရှောင်များအား ရိက္ခာထောက်ပံ့ရန်အတွက် ဘဏ်မှငွေထုတ်ရာတွင် အကန့်အသတ်ဖြင့်သာ ထုတ်ယူရသည့်အတွက် အချိန်မီထောက်ပံ့ရန် အခက်အခဲရှိနေ၍ ရခိုင်ရှိ စစ်ဘေးရှောင်စခန်း အများအပြားတွင် စားနပ်ရိက္ခာပြတ်လပ်မှုဖြင့် ရင်ဆိုင်နေကြရကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းမှ စစ်ဘေးရှောင်စခန်းများသို့ ဆန်ထောက်ပံ့ရန် ဘဏ်မှ တစ်လလျှင် ငွေကျပ် သိန်းသုံးထောင့်ငါးရာ၊ စစ်တွေခရိုင်အတွက် ငွေကျပ် သိန်းနှစ်ထောင့်လေးရာနှင့် ကျောက်ဖြူခရိုင်အပါအဝင် မောင်တောခရိုင်တို့အတွက် ငွေအနည်းငယ်စီကို လစဉ်ထုတ်ယူကာ ခရိုင်လိုက်အတွင်းမှ စစ်ဘေးရှောင်စခန်းအသီးသီးသို့ ဆန်ထောက်ပံ့ပေးကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံ ဒေါ်သန်းသန်းဝင်းက ပြောသည်။
သို့သော်လည်း လက်ရှိတွင် ဘဏ်များမှ ထိုကဲ့သို့ ငွေအလုံးအရင်း ထုတ်မရသည့်အတွက် ငွေများကို ရက်သတ္တပတ်လိုက်စီ ထုတ်ယူနေရကြောင်း သူမကပြောသည်။
“ကျွန်မတို့က ဘဏ်က ငွေထုတ်တဲ့အပေါ်မူတည်ပြီး ပေးနေရတာလေ။ ဘဏ်က ငွေထုတ်တာ အခက်ခဲဖြစ်နေတာလေ။ စစ်တွေခရိုင်အတွက် တစ်ပတ်ကို သိန်းခြောက်ရာပဲ ထုတ်လို့ရတော့ အဲဒီခြောက်ရာလောက်ကိုပဲ ဆန်ဖြန့်ပေးလိုက်တယ်။ နောက်ထပ် စခန်းတွေကို ဖြန့်ဖို့အတွက်က နောက်တစ်ခေါက်ငွေထုတ်ဖို့ စောင့်ရတယ်ပေါ့နော်။ မြောက်ဦးခရိုင်အတွက်ဆိုရင် စစ်တွေခရိုင်လိုမျိုး သိန်းခြောက်ရာလောက်တောင် ထုတ်လို့မရပါဘူး” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအားလုံးနီးပါး၌ ဆန်ပြတ်လပ်နေသော်လည်း ဘေး/စီ/မံ အနေဖြင့် ထိုကဲ့သို့ ဘဏ်မှ ငွေထုတ်ယူရာတွင် အခက်ခဲရှိသည့်အတွက် အစီစဉ်အလိုက်သာ ဆန်များကို ထောက်ပံ့ပေးနေရကြောင်း ၄င်းက ဆက်ပြောသည်။
“ဆန်ကတော့ အကုန်လုံးနီးပါး စခန်းက ကုန်နေကြတာပေါ့။ ပုဏ္ဏားကျွန်း၊ အခု စစ်တွေမြို့ပေါ်က စခန်းတွေ အကုန်ပြတ်သွားပြီ။ အခုတစ်ပတ် ငွေထုတ်ပြီးရင် ရသေ့တောင်အတွက် လာမှာပေါ့။ အကုန်လုံး စခန်းတွေကတော့ ဆန်ကို မြန်မြန်လိုချင်နေကြတာပါပဲ။ အကုန်လုံး ပြတ်နေကြတဲ့လူတွေကြီးပဲလေ။ အဲဒီတော့ ကျွန်မတို့က အစီစဉ်နဲ့သွားမှရမှာ” ဟု ပြောသည်။
ကျောက်တော်မြို့နယ်ရှိ မီးရထားဘူတာ စစ်ဘေးရှောင်စခန်းတွင်လည်း ဆန်ရိက္ခာပြတ်လပ်နေသည်မှာ နှစ်လခန့်ရှိပြီဖြစ်၍ စစ်ဘေးရှောင်များအနေဖြင့် ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေကြရကြောင်း စစ်ဘေးရှောင် ဦးစောသိန်းက ပြောသည်။
“နှစ်လရှိပြီ။ ဘေး/စီ/မံကို ဖုန်းဆက်ကြည့်ကြတော့လည်း အထက်က စာမရောက်သေးဘူးလို့ ပြောပါတယ်။ ဘယ်လိုဖြစ်တာလဲတော့ မသိပါဘူး။ အခု စစ်ဘေးရှောင်တွေလည်း ထမင်းစားရဖို့ အရေးကြီးနေပါတယ်။ ဆန်ကမရောက်တော့ အခက်ခဲအများကြီးရှိပါတယ်” ဟု ပြောသည်။
ကမ္ဘာ့စားနပ်ရိက္ခာ (WFP) အဖွဲ့မှလည်း စစ်ဘေးရှောင်စခန်းများရှိ လူတစ်ဦးစီးကို တစ်လတွင် ငွေကျပ် တစ်သောင်းခွဲစီ ထောက်ပံ့မှုရှိသော်လည်း ပြီးခဲ့သည့် ဇွန်လအတွက် ထိုထောက်ပံ့ငွေမရရှိ၍ စားဝတ်နေရေးအခက်ခဲရှိနေကြောင်းကို မြို့နယ်အချို့ရှိ စစ်ဘေးရှောင်စခန်းအချို့မှ တာဝန်ခံများက နိရဥ္စရာသို့ ပြောဆိုသည်။
ဘေး/စီ/မံ အနေဖြင့် စစ်ဘေးရှောင်များအတွက် ဆန်ထောက်ပံ့ပေးရန် ဘတ်ဂျက်ငွေ အလုံအလောက်ရှိသော်လည်း ထိုကဲ့သို့ ဘဏ်မှ ငွေအလုံးအရင်း ထုတ်ယူမရ၍ စစ်ဘေးရှောင်များအတွက် ဆန်ထောက်ပံ့နိုင်ရန် ညှိနှိုင်းမှုများ ဆောင်ရွက်နေရကြောင်းလည်း ပြောသည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာရသော စစ်ဘေးရှောင်ဦးရေမှာ လက်ရှိအချိန်ထိ တစ်သိန်းတစ်သောင်းကျော်ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။







