မြဝတီမြို့၌ နှစ်ပတ်ကျော်ကာလအတွင်း Covid-19 လူနာ ၅၅၀ ကျော်ရှိပြီး သေဆုံးသူ ၁၇ ဦးအထိရှိလာ

မြဝတီမြို့၌ နှစ်ပတ်ကျော်ကာလအတွင်း Covid-19 လူနာ ၅၅၀ ကျော်ရှိပြီး သေဆုံးသူ ၁၇ ဦးအထိရှိလာ

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ဇွန်လ ၂၁ ရက်မှ ဇူလိုင် ၇ ရက်နေ့အထိ Covid-19 ရောဂါအတည်ပြုလူနာ ၅၅၀ ရှိခဲ့ပြီး ယနေ့ (ဇူလိုင် ၈ ရက်) နေ့လည်ပိုင်းအထိ နှစ်ပတ်ကျော်ကာလအတွင်း ကိုဗစ်ပိုးတွေ့ သေဆုံးလူနာ ၁၇ ဦးအထိ ရှိလာပြီဟု သိရသည်။

လက်ရှိ Covid-19 အတည်ပြုလူနာ အမျိုးသား ၂၆၃ ဦးနှင့် အမျိုးသမီး ၂၈၇ ဦး စုစုပေါင်း  ၄၄၀ ဦးအား မဲကနယ်တိုးချဲ့ကွက်သစ်ရှိ ကိုဗစ်စင်တာနှင့် အမှတ် ၄ ရပ်ကွက်ရှိ ကျောက်လုံးကြီး ကိုဗစ်စင်တာတို့တွင် ကုသပေးလျက်ရှိရာ ထိုထဲမှ အထူးကြပ်မတ်ကုသရန်လိုအပ်သည့် လူနာများအား မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းညီနောင် တိုက်နယ်ဆေးရုံတို့တွင် ကုသပေးလျက်ရှိသည်။

ကိုဗစ်စင်တာတွင် နေစဉ် ဆေးဝါးကုသမှုအား အခမဲ့ဆောင်ရွက်ပေးသော်လည်း စားစရိတ်အတွက် တစ်ရက်လျှင် ၃၅၀၀ ကျပ်နှင့် ကိုဗစ်စစ်ဆေးခ နှစ်ကြိမ်စာ ၂၀,၀၀၀ ကျပ်အား လူနာများက ပေးဆောင်ရသဖြင့် မရှိနွမ်းပါးလူနာရှင်များအနေဖြင့် အခက်အခဲများရှိနေကြောင်း သိရသည်။  

ထိုသို့ ရောဂါကူးစက်ပြန့်ပွားမှု များလာသဖြင့် မြဝတီမြို့အတွင်းရှိ စားသောက်ဆိုင်များအားလုံး ဆိုင်ထိုင်စားသောက်ခြင်းကို တားမြစ်ထားပြီး ပါဆယ်စနစ်ဖြင့်သာ ခွင့်ပြုပေးခြင်း၊ အခြေခံပညာကျောင်းများအား နှစ်ပတ်ပိတ်ထားခြင်း၊ ကျန်းမာရေးအနှိပ်ခန်းများ၊ KTV အား ပိတ်ထားရန် ညွှန်ကြားစာထုတ်ခြင်း၊ Mask များ အခမဲ့ပေးဝေခြင်း စသည့် ကိုဗစ်အသိပညာပေးမှုများနှင့် စည်းကမ်းချက်များ ထုတ်ထားသည်။

သို့သော်လည်း မြဝတီမြို့တွင်းရှိ ကာစီနိုရုံနှင့် ငါးဂိမ်းလောင်းကစားရုံများမှာ ယနေ့တိုင် ဖွင့်လှစ်ထားဆဲဖြစ်၍ ဒေသခံပြည်သူများ ဝေဖန်မှုများရှိနေကြောင်း သိရသည်။

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...