ပြည်နယ်တွင်း အခြေခံပညာကျောင်းများ ယာယီပိတ်ထားရန် စစ်ကောင်စီ ညွှန်ကြားချက်ထုတ်

ပြည်နယ်တွင်း အခြေခံပညာကျောင်းများ ယာယီပိတ်ထားရန် စစ်ကောင်စီ ညွှန်ကြားချက်ထုတ်

နိုင်ငံအတွင်း အသွင်ပြောင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လာသောကြောင့် ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇူလိုင်လ ၇ ရက်မှ ၁၆ ရက်နေ့အထိ ယာယီပိတ်ထားရန် စစ်ကောင်စီက ယမန်နေ့ (ဇွန် ၆ ရက်) တွင် ညွှန်ကြားစာ ထုတ်ပြန်လိုက်သည်။

ဖားအံမြို့ရှိ ကျောင်းအုပ်ဆရာမတစ်ဦးက "ကျောင်း ၁၀ ရက်ပိတ်တာက ကိုဗစ်ကာကွယ်ဖို့အတွက် လုံလောက်လားဆိုတော့ လုံလောက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျောင်းသားတွေက တစ်ခန်းမှာ ၁၀ ယောက်ကျော်လောက်ပဲရှိတယ်။ ကျောင်းတက်သူတွေကလည်း နည်းတော့ ကိုဗစ်စည်းကမ်းချက်အရ ၆ ပေအကွာ ထားလို့ရတယ်လေ။ ကိုဗစ်ပြန်ဖြစ်လာတော့ ကျောင်းသားမိဘတွေတချို့ကလည်း ကိုဗစ်ကြောက်လို့ ကျောင်းမပေး တက်တာတွေရှိတယ်။ တချို့မိဘကလည်း ကျောင်းဘာလို့ပိတ်တာလဲ ကလေးက အခုမှ ကျောင်းတက်ပျော်တုန်းပဲရှိသေးတယ်၊ ပြောတာတွေရှိတယ်။ အထက်က ကိုဗစ်ကြောင့် ခဏပိတ်ထားတယ်။ ပြန်ဖွင့်မယ့်ရက်ကို ပြန်ပြောပါ့မယ်လို့ ပြောလိုက်ရတယ်" ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကိုဗစ်ရောဂါဆိုင်ရာနှင့်ပတ်သက်၍ ကျောင်းသူ/ကျောင်းသားများ နားလည်သဘောပေါက်ရန် ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း စာသင်ကျောင်းတိုင်းကို သွားရောက်ကာ ကိုဗစ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် လိုအပ်သည်ဟုလည်း အဆိုပါ ကျောင်းအုပ်ဆရာမက ဆက်ပြောသည်။

ကျောင်းယာယီပိတ်ထားမှုနှင့်ပတ်သက်ပြီး ကျောင်းသားမိဘတစ်ဦးက "ကျောင်းကတော့ မပေးပိတ်စေချင်ဘူး။ ဒါပေမယ့် ရောဂါအခြေအနေအရ ပိတ်လိုက်ရတာပေါ့နော်။ ကလေးတွေကလည်း ကျောင်းတက်ရင် mask တွေတပ်တယ်။ မျက်နှာပိတ်တဲ့ဟာလည်းတပ်တယ်။ အခု သူတို့ ကျောင်းမတက်ရတော့ ကျူရှင်တော့ ပေးသင်တယ်" ဟု ပြောသည်။

ယခင် ကျောင်းမပိတ်ခင်ကလည်း ကိုဗစ်စည်းကမ်းချက်နှင့်အညီ ကျောင်းများတွင် ကိုယ်ပူချိန်တိုင်းခြင်း၊ ကျောင်းသားများကို mask တပ်ခိုင်းခြင်းနှင့် မျက်နှာအုပ်များ (face shield) တပ်ခိုင်းခြင်းအပါအဝင် အခန်းတိုင်းတွင် လက်ဆေးရည်ဗူးများ ထားရှိခြင်းဖြင့် ကိုဗစ်ရောဂါမကူးစက်အောင် ကြိုတင်ကာကွယ် လုပ်ဆောင်မှုများရှိကြောင်း ကျောင်းတာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီ၏ညွှန်ကြားချက် ထုတ်ပြန်ထားသည့်အတွက် ယနေ့ ဇူလိုင်လ ၇ ရက်မှစ၍ ကရင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ အခြေခံပညာကျောင်းများအားလုံး ပိတ်ထားသည်ဟု သိရှိရသည်။

 
 

 

 

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...