ဝေါ်လေတွင် စစ်ကောင်စီတပ်ဖွဲ့များက ကိုဗစ်အကြောင်းပြ၍ ဒေသခံများထံ ငွေကြေးတောင်းခံမှု ပြုလုပ်နေ

ဝေါ်လေတွင် စစ်ကောင်စီတပ်ဖွဲ့များက ကိုဗစ်အကြောင်းပြ၍ ဒေသခံများထံ ငွေကြေးတောင်းခံမှု ပြုလုပ်နေ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါ်လေဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များစုပေါင်း၍ လမ်းသွားလမ်းလာကားများကို တားမြစ်စစ်ဆေးပြီး ကိုဗစ်အကြောင်းပြ၍ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ကေအိုင်စီသို့ ပြောသည်။

ယခု ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဗိုလ်ကြီးရဲရင့်ပုံ ဦးစီးသည့် စစ်ကောင်စီတပ်မှ ခြေမြန်တပ်ရင်း (ခမရ-၅၅၆) တပ်ဖွဲ့ဝင်များနှင့် ဝေါ်လေ ရဲစခန်းမှူး လမင်းထွန်း ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များသည် ဝေါ်လေရဲစခန်းအနီးရှိ လမ်းဂွတွင် နေရာယူ၍ လမ်းသွားလမ်းလာကားများကို တားမြစ်ကာ ကိုဗစ်အကြောင်းပြပြီး စာရွက်စာတမ်းများစစ်ဆေးကာ ငွေကြေးတောင်းခံမှုများပြုလုပ်နေသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ဒီနေ့ စျေးသွားဝယ်တော့ သူတို့က ကိုဗစ်စစ်ဆေးတဲ့ပုံစံမျိုးနဲ့ စောင့်နေကြတာ။ ဒါပေမဲ့ အဲ့ကိုရောက်တော့ ကားပေါ်က ဆင်းခိုင်းတယ်၊ လက်ဆေးခိုင်းတယ်။ ပြီးတော့ ကားအတွက် စာရွက်စာတမ်းရေးရမယ်ဆိုပြီး ပြောတယ်။ အဲ့စာရွက်အတွက် ဘတ် ၃၅၀ ဆိုပြီး ပေးရတယ်။ ဒါပေမဲ့ အဖွဲ့အစည်းကားမျိုးဆိုရင်တော့ သူတို့ အလုပ်ရှုပ်မခံဘူး မတောင်းဘူး။ ဒါပေမဲ့ သာမန်ဒေသခံတွေဆိုရင် စာရွက်ထုတ်ခိုင်းတယ်။ ပိုက်ဆံတောင်းတယ်။ ပြီးရင်ပြောသေးတယ် ဒီစာရွက်နဲ့ဆိုရင် ရန်ကုန်အထိတောင် သွားလို့ရတယ်ဆိုပြီးပြောတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အဆိုပါ ကိုဗစ်အကြောင်းပြ တားမြစ်စစ်ဆေးသော်လည်း ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်မှု စည်းမျဉ်းစည်းကမ်းများနှင့်အညီ အပူချိန်တိုင်းခြင်းမျိုး စနစ်တကျမပြုလုပ်ဘဲ လက်ကိုသာဆေးခိုင်းပြီး ကားစာရွက်စာတမ်းများ တောင်းယူစစ်ဆေးကာ စာရွက်တစ်ရွက်ထုတ်ပေး၍ ငွေကြေးတောင်းခံခြင်းမျိုးဖြစ်ပြီး ထိုသို့ပြုလုပ်ရန်အတွက် ကြိုတင်အသိပေးခြင်းမျိုး၊ ကိုဗစ်ကာကွယ်ရေးနှင့်ပတ်သက်ပြီး အသိပေးကြေညာခြင်းမျိုး မရှိကြောင်းလည်း ဒေသခံများက ဆိုသည်။

အဆိုပါ ငွေကြေးတောင်းခံရသူ အများစုသည် ဝေါ်လေကျေးရွာအနီးဝန်ကျင်မှ ဒေသခံများဖြစ်ပြီး ၎င်းတို့အနေဖြင့် လက်ရှိ ကိုဗစ်ဖြစ်ပွားမှုမြှင့်တက်နေသည့် မြို့ပေါ်ဒေသသို့ သွားလာခြင်းမျိုးမဟုတ်ဘဲ နီးစပ်ရာ ဝေါ်လေကျေးရွာတွင် စာနပ်ရိက္ခာများ ဝယ်ယူစားသောက်ရန်သာ လာရောက်ကြခြင်းဖြစ်ကြောင်းနှင့် ယခုလို ကိုဗစ်အကြောင်းပြ ငွေကြေးတောင်းခံမှုမျိုးကို ယခင်က ကြုံတွေ့ရခြင်းမျိုး မရှိကြကြောင်းလည်း ဒေသခံများကပြောပြီး ယခုလုပ်ရပ်မျိုးသည် မတရားသဖြင့် အတင်းအဓမ္မ ငွေကြေးတောင်းခံခြင်းမျိုးဖြစ်သည်ဟု ဆိုကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဒေသခံများက သက်ဆိုင်ရာ နယ်မြေခံ ကရင်အမျိုးသားအစည်းအရုံး-KNU သို့ အသိပေးတိုင်ကြားခြင်းမျိုးရှိပြီး KNU အနေဖြင့် ၎င်းကိစ္စရပ်အပေါ် ဒေသခံများ၏ ဆန္ဒအတိုင်း ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်းလည်း ကေအိုင်စီသို့ပြောသည်။

“ဒီလိုလုပ်ရပ်မျိုးက ဒေသခံပြည်သူတွေရဲ့ သွားလာမှုကို အနှောင့်အယှက်ပေးတာပဲ။ သူတို့ကတော့ ကျနော်တို့ကို အသိပေးလာတယ်။ ပြီးတော့ ဒါကို သတင်းမှာတင်မယ်ဆိုပြီး မေးလာတော့ ကျနော်တို့ကလည်း ဒေသခံတွေရဲ့ ဆန္ဒအတိုင်း သတင်းကို လွတ်လွတ်လပ်လပ်ပေးလို့ရတယ်ဆိုပြီး ပြန်ပြောလိုက်တယ်။ ဒီလို ဒေသခံတွေ မတရားခံနေရတာကို ဖော်ထုတ်တာမျိုးတော့ ကျနော်တို့ အားပေးတယ်။ ဒီလို ဖော်ထုတ်ပြောဆိုလို့  ပြဿနာတက်မယ်ဆိုရင် ကျနော်တို့ဘက်က ဖြေရှင်းပေးလို့တတ်တယ်” ဟု အမည်မဖော်လိုသူ KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မြဝတီ၊ ဖလူး၊ ဝေါ်လေ၊ ဆုံဆည်းမြိုင်မှတဆင့် မုလအိ တောင်ခြေသွား ကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီနှင့် ဌာနေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဂိတ်တချို့တွင် အလားတူ လမ်းသွားလမ်းလာ ကားများ၊ ဘုရားဖူးကားများကို တားမြစ်၍ ငွေကြေးတောင်းခံမှုများ ပြုလုပ်မှုများလည်းရှိသည်။

ထို့အတူ KNU တပ်မဟာ (၁) နယ်မြေတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကိုဗစ်အကြောင်းပြ၍ လမ်းသွားလမ်းလာများကို ခေါ်ယူတားမြစ်စစ်ဆေးမှုများ ပြုလုပ်ရာတွင် ကိုဗစ်စစ်ဆေးခြင်းမျိုးမပြုလုပ်ဘဲ ဒေသခံများ၏ လက်ကိုင်ဖုန်းများကိုသာ ဖွင့်ယူစစ်ဆေးမှုများပြုလုပ်ခြင်းကြောင့် KNU ဘက်မှ သွားရောက်သတိပေးပစ်ခတ်မှုမျိုး ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် လပိုင်းကလည်း အဆိုပါ ဝေါ်လေဒေသတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ဝင်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

 
 

 

 

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...