ဖာပွန်ဒေသ စစ်ရှောင်ပြည်သူများအတွက် ဆေးဝါးကူညီထောက်ပံ့မှု လိုအပ်နေဆဲ

ဖာပွန်ဒေသ စစ်ရှောင်ပြည်သူများအတွက် ဆေးဝါးကူညီထောက်ပံ့မှု လိုအပ်နေဆဲ

စစ်ကောင်စီတပ်နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရဆဲ မူတြော် (ဖာပွန်) ခရိုင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ် ဆေးဝါးလိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း ၎င်းတို့ကို ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများက ပြောသည်။

လက်ရှိ မိုးရာသီကာလအတွင်း စစ်ဘေးရှောင်ပြည်သူများအတွက် ငှက်ဖျားကုသရေးနှင့်ပတ်သက်သည့် ဆေးဝါးများ၊ ငှက်ဖျား အဓိကဖြစ်စေသည့် ခြင်ကာကွယ်ရေးပစ္စည်းများနှင့် အမိုးအကာ၊ စောင်၊ ခြင်ထောင်များ လိုအပ်နေဆဲဖြစ်သည်ဟု ၎င်းတို့ကို အကူအညီပေးနေသည့် ကော်သူးလေ ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန (KDHW) ဆိုသည်။

KDHW ၏ သင်တန်းတာဝန်ခံ စောဒိုးဒိုအယ်ကလူက “အခု ပြည်တွင်းက စစ်ဘေးရှောင်တွေက သူတို့နေရာကို အကုန်ပြန်လာလို့ မရသေးဘူး။ ပြန်ရနိုးနိုး နေရနိုးနိုးနဲ့ ဆက်ရှိနေသေးတဲ့သူတွေ ရှိသေးတဲ့အတွက် အရင်တုန်းကလိုပဲ အကူအညီက လိုအပ်နေတုန်းဖြစ်တယ်။ အခု ကျနော်တို့လိုတာက ငှက်ဖျားဆေးတွေ၊ ခြင်ဆေးတွေ ကိုယ်လိမ်းတဲ့ ခြင်းဆေးတွေ၊ ခြင်ထောင်တွေ၊ စောင်တွေလိုတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ကူညီထောက်ပံ့မှုများ နည်းပါးသွားသလို ယခင် ကူညီပေးကြသူများအနေဖြင့် ဒေသအခြေအနေ တည်ငြိမ်မှုနှင့် ပုံမှန်အနေအထား ရောက်ရှိနေပြီဟု ထင်မှတ်ခြင်းကြောင့် ကူညီထောက်ပံ့မှုများ လျော့နည်းရခြင်းဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အလားတူ အဆိုပါဒေသတွင် ပြီးခဲ့သည့်လများတွင်လည်း စစ်ဘေးရှောင်ပြည်သူများအကြား ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ငှက်ဖျားရောဂါအများအပြား ကြုံတွေ့ခဲ့ရပြီး ဆေးဝါးမလုံလောက်မှုကြောင့် ကလေးငယ်တစ်ဦး ဆုံးပါးသွားသည်အထိ ဖြစ်ပွားခဲ့သေးသည်။

ပြီးခဲ့သည့်လအထိ KNU တပ်မဟာ (၅) နယ်မြေအတွင်း တိုက်ပွဲများ ဆက်လက်မြှင့်တက်နေဆဲဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုများ မရှိသော်လည်း လက်နက်ကြီးကျည်များဖြင့် ဒေသခံအရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်လက်ရှိနေသေးသောကြောင့် စစ်ဘေးရှောင်တချို့ မိမိနေရပ်ရင်းသို့ မပြန်နိုင်သေးကြောင်း KNU တပ်မဟာ (၅) ဘက်က ဆိုသည်။

KNU တပ်မဟာ (၅) ၏ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က “တချို့ တောထဲမှာပဲ ပြေးလွှားတိမ်းရှောင်နေကြရသေးတဲ့အတွက် ကျန်းမာရေးအထောက်အကူပြု ဆေးဝါးတွေ၊ ခြင်နဲ့ပတ်သက်တဲ့ ကာကွယ်ဆေးတွေ ရေသန့်တွေ ပြီးတော့ ကျန်းမာရေးအတွက် အရေးကြီးတဲ့အကာအကွယ်တွေကတော့ လိုအပ်နေတုန်းပဲ” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ စစ်ဘေးရှောင် ပြည်သူများအတွက် တိုက်ပွဲများ ပြင်းထန်သည့် ယခင်လများအတွင်း ဒေသအသီးသီးတွင် ရောက်ရှိနေကြသည့် ကရင်အမျိုးသားများအပြင် အခြားသော လူသားချင်းစာနာထောက်ထားကြသည့် မြန်မာပြည်သူများမှလည်း လိုအပ်သည့် စားနပ်ရိက္ခာဆေးဝါးနှင့် အဝတ်အစားများကို စုပေါင်းလှူဒါန်းပေးပို့မှုများ အသီးသီး ပြုလုပ်ခဲ့ကြသေးသည်။

အလားတူ ယခင်နှစ်များတွင် ဒေသခံပြည်သူများ၏ တောင်ယာစိုက်ပျိုးခင်းများ သဘာဝဘေးအန္တရာယ် ကျရောက်မှုကို ကြုံတွေ့ခဲ့ရခြင်းနှင့် လက်ရှိတွင်လည်း ဒေသတွင်းတိုက်ပွဲများကြောင့် စိုက်ပျိုးစားသောက်မှု မပြုလုပ်နိုင်ကြဘဲ ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများအတွက် အဓိက အခြေခံစားနပ်ရိက္ခာများ ဆက်လက်လိုအပ်လာမည်ဖြစ်ကြောင်းလည်း ၎င်းတို့ကို အကူအညီပေးနေသည့် အဖွဲ့အစည်းများက ဆိုသည်။

လက်ရှိတွင် ကရင်ပြည်နယ်အပါအဝင် တခြားသော တိုင်းဒေသကြီးများနှင့် ပြည်နယ်အချို့တွင်လည်း ဒေသတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသလို လက်ရှိတွင် ကရင်နီပြည်နယ်နှင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဒေသခံစစ်ဘေးရှောင် သိန်းနှင့်ချီရှိနေပြီး အခြေခံစားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက်များရှိနေကြောင်းလည်း ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြကြသည်။

 
 

 

 

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...