စစ်အုပ်စုတပ်တွေဝင်မွှေလို့ ဖက္ခတ်ရွာသူကိုယ်ဝန်ဆောင် တောထဲမှာ မီးဖွားရ

စစ်အုပ်စုတပ်တွေဝင်မွှေလို့ ဖက္ခတ်ရွာသူကိုယ်ဝန်ဆောင် တောထဲမှာ မီးဖွားရ

စစ်ကောင်စီတပ်ရန်ကြောင့် တောထဲထွက်ပြေးတိမ်းရှောင်နေရသော စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် ဖက္ခတ်ကျေးရွာနေ ကိုယ်ဝန်ဆောင်တစ်ဦးသည် တောထဲမှာပင် ကလေးမွေးဖွားခဲ့ရသည်။

မင်းကင်းမြို့နှင့် မျက်နှာချင်းဆိုင်ဘက်အရပ်ရှိ ဖက္ခတ်ရွာခံ အသက် ၃၀ ကျော်အရွယ် နှမ်းမြေပဲစိုက်တောင်သူမသည် သမီးမိန်းကလေးမွေးဖွားခဲ့ကာ ကလေးကော မိခင်ပါ ကျန်းမာရေးကောင်းကြသည်။

ဇူလိုင်လ ၁ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် နယ်မြေရှင်းလင်းရေးဟူသည့် အကြောင်းပြချက်ဖြင့် စစ်သည်တင်ကားကြီး ၃ စီး၊ ဆိုင်ကယ် ၁၄ စီး၊ အရပ်ဝတ် ပျူစောထီးအဖွဲ့များနှင့်အတူ စစ်သားများရောက်လာ၍ ကိုယ်ဝန်ဆောင်သည် ၃ ဦးအပါအဝင် ရွာသားများ နီးစပ်ရာတောထဲတိမ်းရှောင်ခဲ့ကြရသည်။

“ဗိုက်ကြီးသည်တွေ တော်တော်ဒုက္ခရောက်တယ်ရှင်၊ တစ်ယောက်ဆိုရင် ဒီတိုင်းဝိုင်းဝန်းပြီး မွေးပေးလိုက်ကြရတာ၊ ကျန်းမာရေးဆရာမလဲမရှိ၊ မလုပ်တတ်လုပ်တတ်နဲ့ မွေးကြရတာ၊ တော်သေးတာပေါ့ ကလေးရောလူကြီးပါ အသက်ရှင်လို့၊ ရေကလဲရှား၊ ခြင်တွေလဲပေါတော့ တော်တော်မလွယ်ဘူးရှင်” ဟု ပက္ခတ်ရွာသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

အိမ်ခြေ ၈၀ ခန့်ရှိသည့် ကျေးရွာတွင် စစ်ကောင်စီတပ်များ တစ်ညအိပ် နှစ်ရက်နေထိုင်ပြီး နွားတစ်ကောင်နှင့် ကြက်များအား ယူငင်သတ်စားကာ ဆန်၊ ဆီများယူသွားကြောင်း ဒေသခံကများက ပြောသည်။

“မနက်အစောပိုင်းက လာကြတာဗျ၊ အင်အား ၁၀၀ လောက်နဲ့လာကြတာ၊ ပျူစောထီးတွေပါပါတယ်၊ ကျွန်တော်တို့ လှမ်းမြင်ရတာ အရပ်ဝတ်တွေမှာလည်း လက်နက်တွေနဲ့ ကျွန်တော်တို့ဘက်မှာ ပျူစောထီးအဖွဲ့တွေလည်းရှိတယ်၊ ရွာအနီးအနားရောက်တော့ သေနတ်တွေ တအားဖောက်ကြတာ ကျွန်တော်တို့လည်း အကုန်ပြေးကြရတာ” ဟု အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ယခုလို စစ်သားများ မဖိတ်ခေါ်ဘဲရောက်လာမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်က ဇွန်လ ၂၇ ရက်နေ့ကဖြစ်သည်။

ပထမတစ်ခေါက်တွင် ချင်းတွင်းမြစ်ဘေးရှိ ဖက္ခတ်ကျေးရွာနှင့် တစ်မိုင်ခန့်အကွာတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးကာ PDF ဘက်မှ အထိအခိုက်မရှိဟု အဆိုပါကျေးရွာမှ လူငယ်တစ်ဦးကဆိုသည်။

တိုက်ပွဲအပြီး ကျေးရွာတွင်းသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်မွှေနှောက်ကာ ရွာသား ၅ ဦးကို ရိုက်နှက်ပြီး ဆိုင်ကယ် ၃ စီးယူသွားခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများ မကြာခဏ ဝင်ရောက်မွှေနှောက်မှုက ဖက္ခတ်ကျေးရွာအနီးဝန်းကျင်မှ ကျေးရွာ ၁၀ ရွာခန့်မှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသလို အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများလိုအပ်မှုများ ဖြစ်ပေါ်နေသည်။

 
 

 

 

ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...