ကရင်ပြည်နယ် မြဝတီမြို့တွင် စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုများနှင့်စပ်လျဉ်း၍ ဖမ်းဆီးထိန်းသိမ်းခံရသူများအနက် ၃၉ ဦး ဇွန်လ ၃၀ ရက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
၎င်းတို့ကို ဇွန်လ ၃၀ ရက်၊ နံနက် ၇ နာရီကျော်က မြဝတီမြို့နယ် ရဲစခန်းအချုပ်မှတဆင့် ဖားအံမြို့ ဇွဲကပင်ခန်းမသို့ခေါ်ဆောင်သွားပြီး ပြည်နယ်စစ်ကောင်စီအဖွဲ့နှင့် တွေ့ဆုံစေပြီးနောက် ပြန်လည်လွတ်ပေးခဲ့ခြင်းဖြစ်သည်။
“ဒီနေ့လွတ်လာတာ အားလုံး ၃၉ ယောက်ပေါ့။ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၁၂ ဦးပါ။ မနက်ကတည်းက မြဝတီအချုပ်ခန်းကနေ မှန်လုံယာဉ်နဲ့ ဖားအံမြို့ကို ခေါ်ဆောင်သွားပြီး ဇွဲကပင်ခန်းမမှာ ပြည်နယ်ကောင်စီလူကြီးတွေနဲ့ တွေ့ဆုံစေပြီး ဆုံးမသြဝါဒပေးကာ ခံဝန်ထိုးပြီးနောက် မြဝတီမြို့သို့ ပြန်လည်ခေါ်ဆောင်လာပြီး မြဝတီရောက်မှ လွတ်ပေးခဲ့တာ” ဟု လွတ်မြောက်လာသူတစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုများနှင့်စပ်လျဉ်း၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးခံရသူများအနက် ယနေ့ ဇွန်လ ၃၀ ရက်နေ့တွင် ၂၃၄၂ ဦးအား အကျဉ်းထောင်အသီးသီးမှ လွတ်ပေးမည်ဟု စစ်ကောင်စီ ပြန်ကြားရေးဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားသည်။
ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ် မြဝတီမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ၁ လကြာ ပြုလုပ်ခဲ့ပြီး အဆိုပါ ဆန္ဒပြမှုများနှင့်စပ်လျဉ်း၍ ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ (က) အပါအဝင် ပုဒ်မမျိုးစုံဖြင့် အမှုရင်ဆိုင်နေရသူ ၈၀ ထက်မနည်းရှိခဲ့ကြောင်း ဆန္ဒပြသူများကို အခမဲ့ အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် မြဝတီမြို့ ပြည်သူ့ရှေ့နေများအဖွဲ့ထံမှ သိရသည်။







