ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၁ ရပ်ကွက်ရှိ ထိုင်း-မြန်မာ အမှတ် (၁) ချစ်ကြည်ရေးတံတားတွင် ယနေ့နံနက်အစောပိုင်းက လုံခြုံရေးဆောင်ရွက်နေသည့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ၂ ဦးသေပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
“မနေ့ ည ဇူလိုင် ၁ ရက် မနက် ၁ နာရီဝန်းကျင်ခန့်က ဖြစ်သွားတာပါ။ ပစ်ခတ်တဲ့သေနတ်အသံတွေ ကြားနေပေမယ့် ညမထွက်ရအမိန့်ထုတ်ထားတော့ ကိုယ့်အတွက် အန္တရာယ်ရှိနိုင်တာမို့ အပြင်ထွက်မကြည့်ရဲဘူး” ဟု မြဝတီမြို့ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီး နေထိုင်သူတစ်ဦးက ကေအိုင်စီသို့ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ညက မြဝတီမြို့ အမှတ် ၁ ရပ်ကွက်ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား (၁) ပေါ်တွင် လုံခြုံရေးတာဝန်ကျ BGF တပ်နယ် (၄) ရင်း (၁၀၁၉) မှ တပ်ကြပ်ကြီးအဆင့်ရှိ အဲဝါ ဦးစီး (၁၀) ဦးသည် လုံခြုံရေးတာဝန်ဆောင်ရွက်နေစဉ် တပ်သားအဆင့်ရှိ စောမောင်အေးတို့ စကားများရန်ဖြစ်ပြီး အဲဝါမှ ၎င်းကိုင်ဆောင်သော ကာဘိုင်သေနတ်ဖြင့် စောမောင်အေးအား ပစ်ခတ်ခဲ့သဖြင့် စောမောင်အေးမှာ နေရာတွင်ပင် သေဆုံးသွားခဲ့သည်။
ထို့နောက် အဲဝါမှ တပ်သားအဆင့်ရှိ အောင်ကိုအား ဆက်လက်ပစ်ခတ်ခဲ့ရာ အောင်ကိုမှ ပြင်းထန်ဒဏ်ရာများရရှိသဖြင့် သင်္ကန်းညီနောင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။
ထိုသို့ တပ်သား ၂ ဦးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ အဲဝါမှ မိမိ၏ပါးစပ်အတွင်း သေနတ်ပြောင်းအားငုံ၍ ပစ်ခတ်ပြီး မိမိကိုယ်ကိုယ်သတ်သေ သွားသည်ဟု ရဲသတင်းထုတ်ပြန်မှုမှ သိရသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းဇော်ဦးစီးသော ရဲတပ်ဖွဲ့ဝင်အင်အား (၇) ဦးက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။







