စစ်ကောင်စီ၏ အကြမ်းဖက်ဖမ်းဆီးခံရသည့် တောင်ငူ ဘွဲ၊ မိုဘွာသာသနာနယ်မှ ဘာသာရေးဆရာ (၅) ဦး ပြန်လည်လွတ်မြောက်

စစ်ကောင်စီ၏ အကြမ်းဖက်ဖမ်းဆီးခံရသည့် တောင်ငူ ဘွဲ၊ မိုဘွာသာသနာနယ်မှ ဘာသာရေးဆရာ (၅) ဦး ပြန်လည်လွတ်မြောက်

စစ်ကောင်စီ၏ အကြမ်းဖက်ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ဘွဲ၊ မိုဘွာသာသနာနယ်မှ ဘာသာရေးဆရာအပါအဝင် (၅) ဦးမှာ ဇွန် ၂၉ ရက် ညနေပိုင်းတွင် ပြန်လည်လွှတ်မြောက်လာခဲ့သည်ဟု နီးစပ်သူထံမှ သိရသည်။



ဘွဲ၊ မိုဘွာ သာသနာနယ်ဝင်းအတွင်း ဇွန်လ ၂၇ ရက် ည ၁၁ နာရီကျော်အချိန်တွင် စစ်ကောင်စီမှ အင်အားသုံးကာ ဝင်စီးစစ်ဆေးမှုများ လုပ်ဆောင်ရာ၌ မီးသွေးခဲမှုန့်၊ ပုလဲဓာတ်မြေဩဇာနှင့် ဖောက်ထားသည့် ဗူးအခွံစများကို တွေ့ရှိရာတွင် ဖောက်ခွဲရေးပစ္စည်းများဟု စစ်ကောင်စီမှစွပ်စွဲပြီး သာသနာဝင်းအတွင်းရှိသည့် ဘာသာရေးဆရာအပါအဝင် (၅) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။



ဖောက်ခွဲရေးပစ္စည်းဟု စစ်ကောင်စီစွပ်စွဲ၍ တွေ့ရှိသည့် အဆိုပါပစ္စည်းများသည် ဘွဲမိုဘွာသာသနာမှ လူထုများအတွက် သောက်ရေသန့်စစ်ယူသည့် သင်တန်းပေးသည့်အခါတွင် အသုံးပြုသည့်ပစ္စည်းနှင့် စိုက်ပျိုးရေးတွင် အသုံးပြုသည့် ပုလဲဓာတ်မြေဩဇာသာဖြစ်သည်ဟု ဘွဲ၊ မိုဘွာသာသနာနယ်နှင့် နီးစပ်သူတစ်ဦးက ယခုလိုပြောသည်။



၎င်းက “အပြစ်မရှိလို့ ပြန်လွှတ်ပေးလိုက်ပြီးပေါ့။ ခံဝန်ထိုးပြီးတော့ ပြန်လွှတ်တာပေါ့နော်။ သူတို့ဘာတွေပြောလဲဆိုရင် မသင်္ကာပစ္စည်းတွေတွေ့လို့ အဲလိုပြောတာပေါ့နော်။ ကျနော်တို့တွေဘက်ကလည်း ပြန်ပြောပါတယ်။ အဲဒီပစ္စည်းတွေက မိသားစုတစ်စုမှာ ရှိနေတတ်တဲ့ပစ္စည်းတွေပါပဲ ပြန်တော့ပြောလိုက်ပါတယ်။ ဒီကိစ္စက အဓိကလုပ်ဆောင်တာ စစ်တပ်ကဆိုတော့ ရဲစခန်းဘက်က နည်းနည်းခေါင်းရှောင်ချင်တာတော့ ရှိမှာပေါ့”ဟု ကေအိုင်စီသို့ပြောသည်။



၎င်းဖမ်းဆီးခံရသူ ၅ ဦးသည် ဘွဲ၊ မိုဘွာသာသနာမှ ဘာသာရေးဆရာ ၂ ဦးနှင့် မိသားစုဝင် ၂ ဦးအပါအဝင် တောင်ငူမြို့တွင် မိသားစုဝင်ဆေးကုရန် သာသနာဝင်အတွင်း လာရောက်တည်းခိုသည့် သင်းထောက်တစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။



သာသနာဝင်းအတွင်း စစ်ကောင်စီမှ ဝင်ရောက်စီးနင်းရှာဖွေစစ်ဆေးချိန်တွင် တွေ့ရှိသည့် မီးသွေးအကြေမှုန့်များကို ယမ်းမှုန့်ဟုဆိုကာ စွပ်စွဲထားခဲ့သလို ဖောက်ထားသည့် ဗူးခွံအပိုင်းအစများနှင့် ပုလဲဓာတ်မြေဩဇာများကိုလည်း ဖောက်ခွဲရေးပစ္စည်းလုပ်ဆောင်ရာတွင် ထည့်သွင်းသည့်ပစ္စည်းဟု စွပ်စွဲထားသော်လည်း ပြန်လည်စစ်ဆေးရာတွင် မဟုတ်မှန်သည့်အတွက် မတရားဖမ်းဆီးခံရသူများကို ယခုလို ပြန်လွှတ်ပေးလိုက်ခြင်းလည်းဖြစ်သည်ဟု ဆိုသည်။



ထိုနေ့ည ဖြစ်စဉ်နှင့်ပတ်သက်ပြီး သာသနာနှင့် နီးစပ်သူတစ်ဦးက “ဖြစ်စဉ်ညမှာ သာသနာဝင်းကို ဧည့်စာရင်းစစ်ဖို့ ဝင်လာတယ်။ ဝင်းထဲမှာ ဝန်ထမ်းအဆောင်တွေရှိတယ်။ ပထမအိမ်ကိုလာမေးတော့ အိမ်မှာရှိတဲ့ (၇) ဦးရှိတာကိုပဲ ပြောတာပေါ့။ သို့သော် အခန်းတံခါးတွေကို လိုက်ထု၊ ဝင်စီးတဲ့ပုံစံလုပ်တော့ အခြားအဆောင်မှာရှိတဲ့သူ ၈ ယောက် ထွက်လာတယ်။ အားလုံးပေါင်း ၁၅ ယောက်တွေ့တော့ အမှန်မပြောဘူးဆိုပြီး အားလုံးကိုခေါ်ထားတယ်။ ပြီးတော့ ပစ္စည်းတွေလိုက်မွှေတယ်။ အဲဒီ သူတို့မသင်္ကာတဲ့ပစ္စည်းတွေ့တော့ ယောကျ်ားတွေကို အပေါ်ထပ်မှာ ရိုက်နှက် စစ်ဆေးမေးပြီးမှ ဖမ်းခေါ်သွားတာဖြစ်တယ်” ဟု ကေအိုင်စီသို့ပြောသည်။



အဆိုပါ သာသာနာဝင်းအတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးသည့်ညတွင် ရဲနှင့်စစ်သား အယောက် ၅၀ ကျော်ပါဝင်သလို ဖမ်းဆီးခံရသူများကို စစ်ဆေးမေးမြန်းရာတွင်လည်း ကိုယ်ထိလက်ရောက်ကျူးလွန်မှုများ ရှိသည့်အပြင် သာသနာပစ္စည်းအချို့လည်း ဖျက်ဆီးခဲ့သည်ဟု သိရသည်။

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...