မောင်တောတွင် သုံးလအတွင်း တရားမဝင်သစ်တန်ချိန် ၁၀၀ ခန့်နှင့် မော်တော်ဘုတ် ၈ စီးတို့ကို ဖမ်းမိ

မောင်တောတွင် သုံးလအတွင်း တရားမဝင်သစ်တန်ချိန် ၁၀၀ ခန့်နှင့် မော်တော်ဘုတ် ၈ စီးတို့ကို ဖမ်းမိ

မောင်တောမြို့ နတ်မြစ်ဝတွင် သုံးလအတွင်း တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်တင်ပို့မည့် သစ်တန်ချိန် ၁၀၀ ခန့်နှင့် မော်တော်ဘုတ် ၈ စီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

"ဧပြီလကနေ အခု ဇွန်လ ၂၈ ရက်နေအထိ သစ်မှောင်ခိုဘုတ်ဖမ်းမိတာ ၈ စီးအထိရှိတယ်။ သစ်တန်ချိန်ကတော့ ၁၀၀ ကျော်လောက်ရှိမယ်" ဟု မောင်တောခရိုင် သစ်တောအရာရှိတစ်ဦးက DMG သို့ပြောသည်။

ဧပြီလမှ ဇွန်လ ၂၀ နေ့အထိ သစ်မှောင်ခိုဘုတ် ၆ စီးနှင့် တရားမဝင်သစ်တန်ချိန် ၉၈ ဒသမ ၀၉၅ တန်အထိ ဖမ်းဆီးရမိထားပြီး တရားခံ ၂၅ ဦးအား အမှုဖွင့်လှစ် တရားစွဲတင်ထားကြောင်း မောင်တောခရိုင်သစ်တောဦးစီးဌာနမှ သိရသည်။

ယခု ဇွန်လ ၂၁ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင်လည်း တဖက်နိုင်ငံသို့ တရားမဝင်တင်ပို့မည့် သစ်မှောင်ခိုဘုတ်နှစ်စီးကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါဘုတ်နှစ်စီးမှသစ်များကို မရေတွက်ရသေးသဖြင့် သစ်တန်ချိန်ကိုမသိရသေးကြောင်း မောင်တောမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးမိုးမြင့်ဇော်ကပြောသည်။

၂၁ ရက်နေ့က ဖမ်းဆီးရမိသည့် သစ်မှောင်ခိုဘုတ်နှင့်အတူ တရားခံ ၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၂၈ နေ့ကဖမ်းမိသည့် သစ်မှောင်ခိုဘုတ်မှ လူ ၁၀ ဦးမှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရေပိုင်နက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ရကြောင်း သိရသည်။

မောင်တောမြို့နယ် သစ်တောဦးစီးအရာရှိ ဦးမိုးမြင့်ဇော်က "အရင်နှစ်တွေနဲ့ နှိုင်းယှဉ်ရင် သစ်ဖမ်းမိတဲ့အကြိမ်အရေ အများဆုံး ဖမ်းမိတာပေါ့။ မေလမှာ အများဆုံးဖမ်းမိတာလို့ ပြောလို့ရတယ်" ဟု ဆိုသည်။

လက်ရှိမှာ တရားမဝင် သစ်များနှင့်အတူ ဖမ်းဆီးရမိသူများကို သစ်တောဥပဒေပုဒ်မ- ၄၁(က)၊ ၄၂(က) တို့ဖြင့် အမှုဖွင့်ထားပြီး  အမြင့်ဆုံးပုဒ်မဖြစ်သည့် ၄၃(က)ဖြင့်လည်း သက်ဆိုင်ရာနယ်မြေစခန်းများတွင် အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ထားကြောင်း မောင်တောမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်တင်ပို့မည့် အဆိုပါသစ်များကို POE ဝင်/ထွက်စခန်း နယ်ခြားစောင့်တပ်ဖွဲ့မှ နတ်မြစ်ဝအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဖြစ်သည့် အောက်တိုဘာလမှ ဇွန်လအထိ ဖမ်းဆီးရမိခဲ့သည့် သစ်မှောင်ခိုဘုတ် ၁၂ အထိရှိပြီး လေပြင်းမုန်တိုင်းကြောင့် နစ်မြုပ်ရာမှ နတ်မြစ်ဝမှဖမ်းမိသည့် မော်တော်ဘုတ်တစ်စီးမှ သစ်များအား ကုန်းပေါ်သို့ တင်ဆောင်နိုင်ခြင်းမရှိသေးကြောင်း မောင်တောမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

 
 

 

 

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...