စစ်ဘေးရှောင် ၁၀၀၀ ကျော်နေထိုင်နေသည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင် စစ်ဘေးရှောင်စခန်းတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ ကူညီထောက်ပံ့သည့် ဆန်ရိက္ခာ မရောက်သည်မှာ နှစ်လနီးပါးရှိနေပြီဖြစ်သဖြင့် စားနပ်ရိက္ခာပြတ်လပ်ပြီး အငတ်ဘေးကျရောက်နိင်ခြေရှိနေကြောင်း စစ်ဘေးရှောင်များက ပြောကြားသည်။
စေတီပြင်စစ်ရှောင်စခန်းတွင် ခိုလုံနေသည့် ရေစိုးချောင်းကျေးရွာမှ ဒေါ်မရွှေဝင်းက “ကျမတို့ စစ်ဘေးရှောင်တွေမှာ အဓိကအခက်အခဲက စားနပ်ရိက္ခာတွေက ကျပ်တည်းမှုရှိနေပါတယ်။ အခုဆိုရင် ဒီကယ်ဆယ်ရေးစခန်းကို ဘာအကူအညီမှ မရောက်တော့တာလည်း ကြာလှပါပြီ။ အဲဒါကြောင့် အငတ်ဘေး ကျလုနီးပါးဖြစ်နေပြီ။ စားနပ်ရိက္ခာတွေ ကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ ထောက်ပံ့ပေးနေသည့် ဆန်ရိက္ခာများလည်း စေတီပြင်စစ်ဘေးရှောင်စခန်းသို့ မရောက်သည်မှာ (၂) လ နီးပါးကြာမြင့်နေပြီး ဖြစ်ကြောင်း၊ လက်ရှိ ရိက္ခာအခက်အခဲကို ဇွန် ၂၀ ရက်နေ့က ဦးဝေဟင်အောင်ဦးဆောင်သည့် လူမှုကူညီရေးအဖွဲ့က ကူညီထောက်ပံ့သည့် ဆန်နှစ်တောင်း (၁၂ ပြည်ဖြင့်) ယာယီဖြေရှင်းနေရကြောင်း၊ သို့မဟုတ်ပါက စခန်းတစ်ခုလုံး အခက်အခဲကျရောက်နေပြီဖြစ်ကြောင်း အသက် (၇၀) ရှိနေပြီဖြစ်သည့် စစ်ဘေးရှောင် ဦးအောင်ထွန်းဘော်က ပြောကြားသည်။
စေတီပြင်ကျေးရွာ၌ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးလုပ်နေသူ ကိုအောင်မင်းစိုးက “နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း စားနပ်ရိက္ခာအထောက်အပံ့ မရောက်တာ အတော်ကြာပါပြီ။ ICRC ကလည်း (၉) လပိုင်း စက်တင်ဘာလကုန်အထိ ပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မရောက်တော့ပါဘူး။ နိုင်ငံတကာအဖွဲ့အစည်းမှာဆိုရင် ဒီနှစ်အစပိုင်းကတည်းက တစ်ဖွဲ့မှ မရောက်တော့ပါဘူး။ လူကယ်ပြန်ကလည်း ဆန်ရိက္ခာ အထောက်အပံ့ မရောက်တာ ဒီလကုန်ရင် နှစ်လပြည့်ပါတော့မယ်။ လောလောဆယ်မှာတော့ စားနပ်ရိက္ခာအခက်အခဲ အရမ်းဖြစ်နေကြလို့ ဆရာဝေဟင်အောင်ဆီက အကူအညီတောင်းတဲ့အခါ အိမ်ထောင်စုတစ်စုစီ ဆန် (၂) တောင်းရတယ်။ အဲဒါနဲ့ ရပ်တည်နေကြတယ်” ဟု ဆိုသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းကို နိရဉ္စရာသတင်းဌာနက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ “ဘဏ်မှ ငွေထုတ်၍မရသည့်အခက်အခဲကြောင့် စစ်ဘေးရှောင်များအား စားနပ်ရိက္ခာထောက်ပံ့ရေးပိုင်းမှာ နှောင့်နှေး ကြန့်ကြာနေခြင်းဖြစ်ကြောင်း” ပြောကြားသည်။
“အခုလောလောဆယ် ဖြစ်ပျက်နေတာကတော့ ဘဏ်က ငွေထုတ်လို့မရတဲ့ပြဿနာကြောင့် ဆန်ရိက္ခာထောက်ပံ့ရေးပိုင်းမှာ ကြန့်ကြနေတယ်။ အခုက ငွေထုတ်ရတာ အခက်အခဲရှိတဲ့အခါ ကုန်သည်ကြီးများအသင်းကို ငွေမပေးချေနိုင် အဲဒီလိုဖြစ်နေတယ်။ ကုန်သည်ကြီးများအသင်းကလည်း အကြွေးမရောင်းနိုင်တဲ့အခါ ရက်အတော်အတန်ကြာသွားတဲ့သဘောပါ။ သို့သော် စေတီပြင်ကို ဆန်ရိက္ခာမရောက်တာ (၂) လလောက်ရှိပြီဆိုတော့ မနက်ဖန် မေးမြန်းကြည့်ပြီး ရောက်အောင် ပို့ပေးလိုက်ပါ့မယ်” ဟု ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက ပြောသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယခင်က စစ်ဘေးရှောင် အိမ်ထောင်စုတစ်စုလျှင် တစ်လကို ဆန် (၃) ပြည်ခွဲ {ဒေသအခေါ် ဆန် (၇) သိုက်} ထောက်ပံ့ပေးကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများထံမှ သိရသည်။
လက်ရှိမှာ စေတီပြင်စစ်ဘေးရှောင်စခန်းအတွင်း အိမ်ထောင်စုပေါင်း (၃၄၄) စုရှိပြီး လူဦးရေအားဖြင့် (၁၄၇၇) ဦးရှိသည်ဟု သိရသည်။
စစ်ဘေးရှောင်ဒုက္ခသည်အများစုမှာ ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာမှဖြစ်ကာ ဆောက်ခတ်ကျေးရွာနှင့် အမျှက်တောင်ကျေးရွာတို့မှ အိမ်ထောင်စု အနည်းငယ်စီပါဝင်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ (၂) သိန်းနီးပါးရှိကြောင်း အရပ်ဖက်အဖွဲ့အစည်းများ၏ စာရင်းများကဖော်ပြပြီး လက်ရှိတွင်လည်း စစ်ဘေးရှောင်စခန်းများ၌ စားနပ်ရိက္ခာအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်စခန်းများက ပေးပို့သောသတင်းအရ သိရသည်။







