ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင် ၅ ခုမြောက် ထပ်မံဖျက်ဆီးခံရ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင် ၅ ခုမြောက် ထပ်မံဖျက်ဆီးခံရ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသရှိ ကျေးရွာများတွင်တပ်ဆင်ထားသည့် စစ်တပ်ပိုင် Mytel (မိုင်တဲလ်) ဆက်သွယ်ရေးတာဝါတိုင် ၅ ခုမြောက် ထပ်မံဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

ဝင်းရော်ဒေသ ကျောက်ဘီလူးရွာ ရပ်ကွက် (၂) တွင် တပ်ဆင်ထားသည့် မိုင်တဲလ် ဆက်သွယ်ရေးတာဝါတိုင်တစ်ခု ဇွန် ၂၇ ရက်၊ ည ၈ နာရီကျော်အချိန်တွင် ဗုံးဟုယူဆရသည့်အရာဖြင့် ဖောက်ခွဲခံရပြီး စက်ပစ္စည်းများ မီးလောင်ပျက်စီးသွားသည်ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက ယနေ့ ဇွန် ၂၈ ရက်တွင် ပြောသည်။

၎င်းက “ရွာမှာက တယ်လီနောတိုင်ရယ် မိုင်တဲလ်တိုင်ရယ် နှစ်ခုပဲရှိတယ်။ ညက ၈ နာရီကျော်လောက်မှာ မိုင်တဲလ်ဖုန်းတိုင်ခြေရင်းမှာ ဖောက်ခွဲခံရတော့ အသံအတော်ကျယ်ကြားရတယ်။ ကြောက်တော့ သွားမကြည့်ရဲကြဘူးလေ။ တစ်ချက်ပဲ ပေါက်ကွဲမှုဖြစ်တယ်။ ဖုန်းလိုင်းတော့ ဆက်သွယ်ပြောလို့ရသေးတယ်” ဟု ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် ဇွန် ၂၄ ရက်တွင် ထီမောင်ထို၊ တောင်ဒီး၊ ကျုံခဝန်၊ ဖားပြရွာရှိ တပ်ဆင်ထားသည့် Mytel ဆက်သွယ်ရေးဖုန်းတာဝါတိုင် မီးလောင်ခံခဲ့ရပြီး ဝင်းရော်ဒေသတွင် ၅ ရက်အတွင်း စစ်တပ်ပိုင် ဖုန်းတာဝါတိုင် ၅ ခုအထိ မီးလောင်ပျက်စီးသွားကြောင်း ရွာသားများထံမှ သိရသည်။

“ဖုန်းတိုင်တွေ ဖျက်ဆီးခံရတာ၊ မီးလောင်ခံရတာတွေကို ကျနော်တို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ KNU ရဲ့ မူလမ်းစဉ်အတိုင်းပဲ ဆက်လက်လုပ်ဆောင်သွားမယ်” ဟု KNU ဝင်းရေးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ပြောသည်။

စစ်တပ်ပိုင် ဖုန်းတာ‌ဝါတိုင် ဖျက်ဆီးခံရသည့်အပေါ် သက်ဆိုင်ရာနယ်မြေရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကလည်း စုံစမ်းမှုများလုပ်ဆောင်နေလျက်ရှိပြီး တပ်ပိုင်ဖုန်းတိုင်များ မီးလောင်ပျက်စီးသည့်အပေါ် ဒေသအတွင်း တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

 
 

 

 

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...