မသင်္ကာသူများ ဟိုတယ်တွင် လာရောက်တည်းခိုပါက သတင်းပေးရန် စစ်ကောင်စီညွှန်ကြား

မသင်္ကာသူများ ဟိုတယ်တွင် လာရောက်တည်းခိုပါက သတင်းပေးရန် စစ်ကောင်စီညွှန်ကြား

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဟိုတယ်များတွင် မသင်္ကာသူများ လာရောက်တည်းခိုပါက စောင့်ကြည့်သတင်းပေးရန် ကရင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များကို စစ်ကောင်စီမှ ညွှန်ကြားခြင်းခံရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့တွင် စစ်ကောင်စီဘက်မှ ကရင်ပြည်နယ် ဖားအံမြို့ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များကို ဖားအံပြည်နယ်အစိုးရရုံးတွင် အစည်းအဝေးတရပ်ခေါ်ပြီး မသင်္ကာသူများ ဟိုတယ်တွင် လာရောက်တည်းခိုပါက ၎င်းတို့ကို သတင်းပေးရန် ညွှန်ကြားခြင်းခံရသည်ဟု ဟိုတယ်လုပ်ငန်းရှင်နှင့်နီးစပ်သူတစ်ဦးထံက ယခုလိုပြောသည်။

"အစည်းအဝေးခေါ်တာက အဓိကကတော့ မသင်္ကာတဲ့သူတွေကိုတွေ့ရင် စောင့်ကြည့်ခိုင်းဖို့နဲ့ သူတို့ (စစ်ကောင်စီ) ကို သတင်းပေးဖို့ပဲ" ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် ပြည်သူလူထုများကို ကိုဗစ်ကာကွယ်ဆေး လာရောက်ထိုးနှံရန် အသိပေးနှိုးဆော်၍မရသဖြင့် ဟော်တယ်နှင့်ခရီးသွားလုပ်ငန်းရှိ ဝန်ထမ်းစာရင်းများအား ကောက်ယူပြီး ကိုဗစ်ကာကွယ်ဆေးထိုးရမည်ဟု အသိပေးနှိုးဆော်မှုများရှိသည်ဟုလည်း ၎င်းဟိုတယ်လုပ်ငန်းရှင်နှင့် နီးစပ်သူက ဆက်ပြောသည်။

ထိုသို့ညွှန်ကြားရခြင်းသည် စစ်အာဏာသိမ်းပြီး ပြည်သူလူထုများ ငြိမ်းချမ်းစွာဆန္ဒပြပြီးနောက် လတ်တလောတွင် လူငယ်များမှ မိမိတို့အစီအစဉ်နှင့် အဖွဲ့လိုက် သွားလာလှုပ်ရှားမှုများရှိသည့်အတွက် စစ်ကောင်စီအနေဖြင့် ၎င်းတို့နှင့်ဆက်နွှယ်နေသည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များကိုသာ အသိပေးညွှန်ကြားခြင်းဖြစ်ကြောင်းလည်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်အသိုင်းအဝိုင်းက ဆိုသည်။

အလားတူ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များကို မေးမြန်းရာ စစ်ကောင်စီဘက်မှ အစည်းအဝေးခေါ်ယူသော်လည်း ၎င်းတို့အနေဖြင့် ကိုဗစ်ရောဂါအခြေအနေကြောင့် မတက်ရောက်ဖြစ်ကြောင်းနှင့် လက်ရှိတွင် စစ်ကောင်စီဘက်မှ ညွှန်ကြားစာများမရောက်ရှိသေးကြောင်းကို အမည်မဖော်လိုသည့် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးမှ ယခုလိုပြောသည်။

"အစည်းအဝေးခေါ်တုန်းကတော့ ကျနော်တို့ ဒီသံတောင်ကြီး ကရင်ပြည်နယ်ကတော့ တစ်ယောက်မှမသွားဘူး။ ခရီးသွားလုပ်ငန်းအဖွဲ့လည်း မသွားဖြစ်ဘူးပေါ့နော်။ နောက်ပြီးတော့ ရောဂါအခြေအနေကတစ်ကြောင်း ကျနော်တို့ လုပ်ငန်းရှင်တွေ တစ်ယောက်မှ မသွားဖြစ်ကြဘူး၊ ညွှန်ကြားချက်ကတော့ ဘာမှ စာတော့မရောက်လာသေးဘူး" ဟု ၎င်းကပြောသည်။

ကရင်ပြည်နယ်တွင် မြို့နယ် ၇ မြို့နယ်ရှိသည့်အနက် ဖားအံနှင့် မြဝတီနှင့် သံတောင်မြို့နယ်များတွင် ဟိုတယ်ပေါင်း ၃၀ ကျော်ရှိပြီး အချို့မြို့နယ်ရှိ ဟိုတယ်များတွင် စစ်ကောင်စီမှ အလားတူညွှန်ကြားမှုများရှိသည်ဟု သိရှိရသည်။

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...