မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရွှေလောင်အင်း ကျေးရွာအုပ်စု ဏကြီးကျေးရွာတွင် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် (BGF) အင်အားတစ်ရာကျော်ရှိသည့် ပူးပေါင်းတပ်ဖွဲ့မှ ဒေသခံကျေးရွာသားများ၏ ကား၊ ဆိုင်ကယ်များကို အကြောင်းမဲ့ ဖမ်းဆီးသိမ်းဆည်းမှုများကို ယနေ့ (ဇွန် ၂၈) ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
စစ်ကောင်စီ၏ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၅၄၉)၊ အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၄၀၂) တပ်ဖွဲ့ဝင်များနှင့် အမှတ် (၁၀၁၁) နယ်ခြားစောင့် (BGF) တပ်ရင်းမှ ဗိုလ်မှူးဟင်နရီဦးဆောင်သည့် တပ်ဖွဲ့ဝင်များက လမ်းများပိတ်ဆို့၍ ဖြတ်သန်းသွားလာနေသည့် ကား၊ ဆိုင်ကယ်များအားလုံးကို အကြောင်းပြချက်မရှိ ဖမ်းဆီးသိမ်းဆည်းနေကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“အခုက ဖုန်းလိုင်းတွေလည်း ပိတ်ထားတယ်။ ပြီးတော့ လမ်းကို သူတို့ပိတ်ထားပြီး လာသမျှကားတွေ ဆိုင်ကယ်တွေကို အကုန်ဖမ်းသိမ်းတာ။ အခုအချိန်ထိ ဆိုင်ကယ်က အစီး ၆၀ လောက်ရှိနေပြီး၊ ကားကတော့ ၅ စီး ၆ စီးလောက်ရှိမယ်။ အခုက ဏကြီး စာသင်ကျောင်းမှာပဲ ထားတာ။ အဲ့မှာ စစ်ကောင်စီတပ်ကော၊ BGF ကော ကား ဆိုင်ကယ်ပိုင်ရှင်တွေကော အကုန်ရှိနေတယ်။ အခုလို လမ်းပိတ်မယ်ဆိုတာကိုလည်း ဒေသခံတွေကို ကြိုမပြောသလို ဘာကြောင့် ဖမ်းသိမ်းတာလည်း မပြောဘူး။ ဒါပေမဲ့ တစ်ခုပြောတာက အခုအချိန် လမ်းကို ကား ဆိုင်ကယ်ပေးမသွားဘူးလို့ပြောတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ဒေသသည် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၁) နယ်မြေထဲတွင်ရှိနေပြီး လက်ရှိတွင် ပိန္နဲတောဘက်ခြမ်းရှိ လမ်းများကိုလည်း အကုန်ပိတ်ဆို့ထားပြီဖြစ်ကြောင်းနှင့် ယခု စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အသစ်ရောက်ရှိလာသည့် တပ်ရင်းတပ်ဖွဲ့ဝင်များဖြစ်ကာ ဗိုလ်မှူးဟင်နရီဦးဆောင်သည့် နယ်မြေခံ BGF တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလုပ်ဆောင်နေပြီး အင်အား ၁၈၀ ကျော်ခန့်ရှိသည်ဟု KNU ဘက်ကပြောသည်။
အဆိုပါ အကြောင်းမဲ့ ဖမ်းဆီးသိမ်းဆည်းမှုများကြောင့် လက်ရှိတွင် ဒေသခံကျေးရွာသားများအနေဖြင့် သွားလာရေးအတွက် အဟန့်အတားဖြစ်စေပြီး လတ်တလောတွင်လည်း ကိုဗစ်ကပ်ရောဂါ အကြောင်းပြ၍ လမ်းသွားလမ်းလာများကို တားမြစ်စစ်ဆေးရာတွင် လိုအပ်သည်ထက်ပို၍ ဖုန်းများကိုပါ ဖွင့်ယူစစ်ဆေးမှုများပြုလုပ်နေခြင်းကြောင့် KNU တပ်မဟာ (၁) တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့တွင်လည်း ဘီးလင်းမြို့နယ်တွင် ကျေးရွာတချို့မှ အမျိုးသားတချို့ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်များဟုဆိုကာ စစ်ကောင်စီဘက်မှ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း လူမှုစာမျက်နှာများတွင် ရေးသားဖော်ပြမှုများရှိနေပြီး ၎င်းကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
စစ်အာဏာသိမ်းပြီးနောက် KNU တပ်မဟာ (၁) နယ်မြေအတွင်း စစ်ကောင်စီအပြင် BGF တပ်ဖွဲ့ဝင်များနှင့် KNU လက်အောက်ခံတပ်ဖွဲ့များအကြား မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသည်။
လက်ရှိတွင်လည်း စစ်ကောင်စီဘက်မှ တပ်အင်အားတိုးချဲ့လာပြီး ဆက်သွယ်ရေးဖုန်းလိုင်းများလည်း ဖြတ်ထားသလို လမ်းများကိုပါ ပိတ်ဆို့တားမြစ်မှုများပြုလုပ်နေ၍ စစ်ဆင်ရေးများ ပြုလုပ်လာမည်ကို စိုးရိမ်ကြောင်း ဒေသခံများကဆိုသည်။







