စစ်ကောင်စီတပ်၏ တကျော့ပြန်ပေါ်တာဆွဲမှုကြောင့် ရွှေကျင်ဒေသခံများ စိုးရိမ်ကြောက်ရွံ့မှုဖြင့် နေထိုင်ရ

စစ်ကောင်စီတပ်၏ တကျော့ပြန်ပေါ်တာဆွဲမှုကြောင့် ရွှေကျင်ဒေသခံများ စိုးရိမ်ကြောက်ရွံ့မှုဖြင့် နေထိုင်ရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ဆောထိ (ရွှေကျင်) မြို့နယ် (တပ်မဟာ-၃) တွင် ဒေသအတွင်းရှိ စစ်ကောင်စီတပ်၏ တကျော့ပြန်ပေါ်တာဆွဲမှုကြောင့် ဒေသခံလူထုများမှာ စိုးရိမ်ကြောက်ရွံ့မှုများဖြင့် နေထိုင်ကြရသည်ဟု သိရသည်။

ဒေသအတွင်းရှိ စစ်ကောင်စီတပ်ဖြစ်သည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ (၁၂) လက်အောက်ခံ ခြေမြန်တပ်ရင်း- ခမရ (၅၄၈) နှင့် စကခ (၈) လက်အောက်ခံ ခြေမြန်တပ်ရင်း-ခမရ (၄၀၂) တို့သည် ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့က ဆောထိမြို့နယ် ဘလောခိုကျေးရွာရှိ ရွာသား (၁၃) ဦးကို ပေါ်တာဆွဲရန် လာရောက်ဖမ်းဆီးမှုများရှိသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “စစ်တပ်က ပေါ်တာလာဖမ်းတာဟုတ်ပါတယ်။ ပြန်တော့ပြန်လွှတ်ပေးလိုက်ပြီ။ NCA ထိုးပြီးတဲ့နောက်ပိုင်း စစ်တပ်က ဒီလိုပေါ်တာလာဖမ်းတာ တစ်ခါမှမရှိတော့ဘူး။ ရွာထဲကိုဝင်ပြီး ဒီလိုပေါ်တာလာဖမ်းတာတွေ ပြန်လုပ်တော့ ဒေသခံတွေက စိုးရိမ်ပြီး ခဏတိမ်းရှောင်လိုက်တာရှိတာပေါ့။ အခုတော့ ရွာထဲကိုအားလုံးပြန်လာပြီ” ဟု ကေအိုင်စီသို့ ပြောသည်။

တပ်အင်အား (၇၀) ကျော်ပါ စစ်ကောင်စီတပ်က KNU တပ်မဟာ (၅) သို့ သွားရောက်ရန် ထိုနေ့တွင် ဘလောခိုကျေးရွာသို့ဝင်လာ၍ ဒေသခံ (၁၃) ဦးကို ပေါ်တာဆွဲခေါ်သွားပြီး ထိုအထဲတွင် (၃) ဦးမှာ ထွက်ပြေးလွှတ်မြောက်သွားခဲ့ကြောင်း၊ ကျန်ရှိသည့် ရွာသား (၁၀) ဦးကို တပ်မဟာ (၃) နှင့် တပ်မဟာ (၁) ကြားတွင်ရှိသည့် လောပေါ်ထာကျေးရွာအထိ ခေါ်ဆောင်သွားပြီး ဇွန်လ (၂၇) နေ့ကျမှ ပြန်လွှတ်ပေးခဲ့ကြောင်း KNU စည်းရုံးရေးနှင့် သတင်းပြန်ကြားရေးဌာန၏ သူးလေသတင်းစဉ် ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်က ဒေသအတွင်း ပေါ်တာဆွဲခေါ်မှုများ လုပ်ဆောင်သည့်အတွက် ဘလောခိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၁၁) ရွာမှ ဒေသခံတစ်ထောင်ကျော် ခေတ္တထွက်ပြေးတိမ်းရှောင်ခဲ့ရသလို အဆိုပါဒေသခံများသည် ယခုအချိန်တွင် ၎င်းတို့နေအိမ်သို့ ပြန်ရောက်နေကြပြီးဖြစ်သော်လည်း ထပ်မံပေါ်တာလာဆွဲခံရမည်ကို စိုးရိမ်နေကြသည်ဟု သိရှိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ (၃) ဆောထိ (ရွှေကျင်) မြို့နယ်တွင် စစ်ကောင်စီတပ်ဘက်မှ ဒရုန်းနှင့် စုံစမ်းထောက်လှမ်းမှုများ မကြာခဏ လုပ်ဆောင်သည့်အပြင် ပြီးခဲ့သည့် မတ်လ (၃၀) ရက်နေ့တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ထောင်နှင့်ချီသော ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးပုန်းရှောင်ခဲ့ရသည်ဟု နယ်မြေခံလူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

 
 

 

 

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...