ကိုဗစ်ပိုးကူးစက်သူတွေ့ရှိ၍ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ လေးကေကော်မြို့သစ် အထက်တန်းကျောင်းကို ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့မှစ၍ ယာယီပိတ်သိမ်းထားရကြောင်း မြို့သစ် တာဝန်ရှိသူများထံမှ သိရသည်။
မြို့သစ်အတွင်း ဝင်/ထွက်သွားလာသူတစ်ဦးကို ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က ကိုဗစ်ပိုးကူးစက်ခံရကြောင်း တွေ့ရှိပြီးနောက် မြို့သစ်အတွင်းနေထိုင်သည့် ၎င်း၏ မိသားစုဝင်တစ်ဦးကိုပါ ယမန်နေ့က ကိုဗစ်ကူးစက်ခံရကြောင်း ထပ်မံတွေ့ရှိရ၍ ကျောင်းကို ယာယီပိတ်ထားရခြင်းဖြစ်သည်ဟု မြို့သစ်ဥက္ကဋ္ဌဖြစ်သူ စောဌေးမြင့်အောင်က ယခုလိုပြောသည်။
“အဲ့လူက ဖားအံနဲ့ ဒီကို အဝင်/အထွက် သွားလာသူဖြစ်တယ်။ ဒီမှာက သူ့အိမ်ရှိတယ်။ သူနေမကောင်းလို့ သွားပြတော့ ဆေးဆရာက သံသယဖြစ်တာနဲ့ စစ်ကြည့်တာ ကိုဗစ်ဖြစ်နေတယ်။ နောက်ပြီး ပြဿနာက ၂၁ ရက်နေ့တုန်းကလည်း အိမ်မှာ ပြန်အိပ်ထားတာကြောင့် သူအိမ်မှာက လူ ၉ ယောက်လောက်ရှိတယ်။ အဲ့ဒါနဲ့ အဲ့ ၉ ကိုထပ်စစ်တော့ တစ်ယောက်ထပ်တွေ့တယ်။ အဲ့ဒါကြောင့် ကျောင်းကို ယာယီပိတ်ထားလိုက်ရတယ်” ဟု ကေအိုင်စီသို့ပြောသည်။
အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူနှင့် နီးစပ်သူများကို မြို့ပြင်ရှိ ယာယီလူနေအိမ်တွင် ကန့်သတ်ထားရှိထားပြီး ကျောင်းကိုလည်း ယခုဇွန်လကုန်အထိ ယာယီပိတ်ထားမည်ဖြစ်ကာ လာမည့် ဇူလိုင်လ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဟုလည်း စောဌေးမြင့်အောင်က ဆက်ပြောသည်။
ကျောင်းသူ၊ ကျောင်းသား ၄၀၀ ကျော် ပညာသင်ယူနေသည့် လေးကေကော် အထက်တန်းကျောင်း၌ လက်ရှိကာလတွင် အင်္ဂလိပ်စာနှင့် ကွန်ပျူတာကိုသာ သင်ကြားပေးနေပြီး သက်ဆိုင်ရာ ကျောင်းသုံးဘာသာရပ်များကို သင်ကြားပေးခြင်းမရှိသေးကြောင်း သိရသည်။
လေးကေကော်မြို့သစ်တွင် နေထိုင်သူတစ်ဦးက “ရပ်ကွက် (၁) ကတွေ့တာ။ တွေ့တော့ အခုက အဲ့ရပ်ကွက်ကိုလည်း lock down ချထားသလို စားသောက်ဆိုင်တချို့ကိုလည်း ပိတ်ခိုင်းထားတယ်။ ဒါပေမဲ့ အသွား/အလာကိုတော့ ကန့်သတ်ထားတာမျိုးမရှိဘူး။ ဂရုစိုက်ပြီး သွားလာခိုင်းတာပဲရှိတယ်” ဟု ကေအိုင်စီသို့ပြောသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကို လက်မခံသည့် ကျန်းမာရေးဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် အများအပြားပါဝင်လာပြီး ကျန်းမာရေးစနစ်နှင့် ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်များ ရပ်တန့်သွားခြင်းကြောင့် ကိုဗစ်ကူးစက်ပျံ့နှံ့မှု စာရင်းထုတ်ပြန်မှုများ ပုံမှန်လည်ပတ်နိုင်ခြင်းမရှိကြောင်း တွေ့ရသည်။
လက်ရှိတွင်လည်း မြန်မာနိုင်ငံဒေသတချို့တွင် ကိုဗစ်ကူးစက်ခံရသူများရှိကြောင်းလည်း သတင်းထုတ်ပြန်မှုများတွေ့ရသည်။







