ကရင်ပညာရေးဌာန ထိန်းချုပ်မှုအောက်ရှိ စာသင်ကျောင်းများတွင် ယခုနှစ်ကျောင်းသားဦးရေ ထောင်ချီတိုးလာ

ကရင်ပညာရေးဌာန ထိန်းချုပ်မှုအောက်ရှိ စာသင်ကျောင်းများတွင် ယခုနှစ်ကျောင်းသားဦးရေ ထောင်ချီတိုးလာ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်း ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) ထိန်းချုပ်မှုအောက်ရှိ ကရင်စာသင်ကျောင်းများတွင် ယခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းသူ၊ ကျောင်းသားဦးရေ ထောင်နှင့်ချီ၍တိုးလာသည်ဟု သိရသည်။

လတ်တလော နိုင်ငံရေးအခြေအနေကြောင့် အချို့သောကျောင်းသားမိဘများသည် ၎င်းတို့သားသမီးများကို (KECD) လက်အောက်ခံကျောင်းများတွင် ကျောင်းပြန်ထားသည့်အတွက် ကျောင်းသားဦးရေ တိုးလာရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စုစုပေါင်း ကျောင်းသူ၊ ကျောင်းသားဦးရေ ၅,၀၀၀ (ငါးထောင်) ကျော် တိုးလာသည်ဟု ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) ဗဟိုမှ အတွင်းရေးမှူး စောလောအယ်မူးက ကေအိုင်စီသို့ပြောသည်။

၎င်းက “ကျောင်းသားများလာတဲ့အတွက် လိုအပ်ချက်တွေလည်းများလာတယ်၊ ကျောင်းဆရာ/ဆရာမတွေလည်း ကျနော်တို့မှာရှိတယ်။ ဒါပေမယ့် တချို့ကျောင်းတွေမှာ ကျောင်းသားဦးရေများတော့ ရှိတဲ့ကျောင်းဆရာ/မ ဦးရေနဲ့ မကိုက်တာလည်းရှိတယ်။ ဒီအပတ်ဘဲ ကျောင်းပြန်ဖွင့်တယ်ဆိုတော့ လိုအပ်ချက်တွေကိုလည်း ကျနော်တို့ စာရင်းကောက်ဖို့လိုသေးတယ်။ အဲဒါမှ ဖြည့်ပေးလို့ရမယ်” ဟု ပြောသည်။

စာသင်ကျောင်းအများစုတွင် ခန့်မှန်းလျာထားချက်ထက် ကျောင်းသားဦးရေ တိုးလာသည့်အတွက် ကျောင်းဆောင်များ၊ ကျောင်းသုံးပရိဘောဂပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများလည်း လုံလောက်မှုမရှိသည့်အပြင် ကိုဗစ်ကာလဖြစ်သည့်အတွက် ကျောင်းကျန်းမာရေးဆိုင်ရာ ကာကွယ်မှုအပိုင်းတွင်လည်း လိုအပ်ချက်ရှိသည်ဟု စောလောအယ်မူးက ဖြည့်စွက်ပြောသည်။

ထို့အပြင် အချို့ကျေးရွာများတွင် ကျေးရွာရပ်မိ/ရပ်ဖများဦးဆောင်၍ ကိုယ်ထူကိုယ်ထ ကျောင်းများ ပြန်လည်ဖွင့်လှစ်လာသည့်အပြင် ကျောင်းအဆင့်တိုးပြီး ဖွင့်လှစ်ထားသည့် စာသင်ကျောင်းလည်း တိုးလာသည်ဟု သိရသည်။

ပူးရေးကျေးရွာရှိ ကိုယ်ထူကိုယ်ထ အထက်တန်းကျောင်းအုပ် စောဂေဒို့က “ကျနော်တို့ကျောင်းဖွင့်တော့ ကျောင်းလာထားတဲ့လူတွေလည်း များလာတယ်။ လက်မခံလို့လည်းမရဘူး။ ကျနော်တို့ကျောင်းက အလယ်တန်းအဆင့်ဘဲထားမယ်လို့ စဉ်းစားထားတယ်။ ဒါပေမယ့် အထက်တန်းတက်ရမယ့် ကျောင်းသားတွေက နိုင်ငံရေးအခြေအနေ၊ ရောဂါအခြေအနေကြောင့် ထားမယ့်နေရာမရှိတော့ အထက်တန်းအဆင့် တိုးဖွင့်ရတာပေါ့။ ကျောင်းဖွင့်တော့ အခြားဒေသကလူတွေလည်း လာတက်တော့ လက်ခံရတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို စာသင်ကျောင်းဖွင့်လှစ်ခြင်းသည် စစ်ကောင်စီကို ထောက်ခံနေခြင်းမဟုတ်သလို NUG (အမျိုးသားညီညွတ်ရေးအစိုးရ) နှင့် CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) လုပ်သည့် ကျောင်းဆရာ/မများကိုလည်း ဆန့်ကျင်ခြင်းမဟုတ်ဘဲ မိမိဒေသအတွင်း မျိုးဆက်သစ်ကလေးများ အနာဂတ်အတွက် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု KECD ဗဟိုမှ အတွင်းရေးမှူး စောလောအယ်မူးက ပြောသည်။

လက်ရှိအချိန် အချို့နေရာများတွင် အကြမ်းဖက်ဆန်ဆန် ပညာရေးကိုထိခိုက်စေသည့် လုပ်ဆောင်မှုမျိုးလည်း မြင်တွေ့ရသည့်အတွက် ယင်းလုပ်ဆောင်ချက်များကို လုံးဝမလုပ်ဆောင်ရန်နှင့် အားပေးအားမြောက်ခြင်းမပြုရန် မိမိခရိုင်အတွင်းရှိ မြို့နယ်အတွင်း ပညာရေးဆိုင်ရာဝန်ထမ်းများကို အသိပေးရန် KECD ဗဟိုမှ ခရိုင်အသီးသီးထံ ဇွန်လ ၄ ရက်နေ့တွင် သတိပေးစာပေးပို့ထားသည်။

ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) ၏ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်စာရင်းအရ ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်း KECD ထိန်းချုပ်မှုအောက်ရှိ အခြေခံပညာအဆင့် စာသင်ကျောင်းပေါင်း (၁,၃၆၁) ကျောင်းနှင့် ကောလိပ်အဆင့် အထက်တန်းလွန်ကျောင်း (၅) ကျောင်းရှိပြီး ကျောင်းဆရာ၊ ဆရာမ ဦးရေ ၃,၉၀၀ ဦးနှင့် ကျောင်းသူ/ကျောင်းသားပေါင်း ၁ သိန်းကျော်ရှိသည်။

 
 

 

 

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...