မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအပါအဝင် ဝန်ကြီး ၆ ဦးကို အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီအမှုဖွင့်

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအပါအဝင် ဝန်ကြီး ၆ ဦးကို အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီအမှုဖွင့်

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအပါအဝင် ဝန်ကြီးခြောက်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှာ အမှုဖွင့်ထားတယ်လို့ ဒီကနေ့ (ဇွန်လ ၂၄ ရက်) နေ့ထုတ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ဆောက်လုပ်ရေးနဲ့ ပို့ဆောင်ရေးဝန်ကြီး ဦးတင်နွယ်ဦးနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ စစ်ကောင်စီက ဒီကနေ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

အခု အမှုဖွင့်ခံရသူတွေအားလုံးဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ဝန်ကြီး ဒေါက်တာခင်မောင်အေးနဲ့ ဦးတင်နွယ်ဦးတို့ဟာ အစိုးရနည်းပညာ အထက်တန်းကျောင်း ဆောက်လုပ်ဖို့အတွက် တင်ဒါခေါ်ယူရာမှာ တင်ဒါအောင်မြင်တဲ့ကုမ္ပဏီကို ထည့်သွင်းစဉ်းစားတာမရှိဘဲ တခြားကုမ္ပဏီတစ်ခုကို ရွေးချယ်ခဲ့တာကြောင့် နိုင်ငံတော်ငွေ ၉ ဒသမ ၅၂၄ သန်း ပိုမိုကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေးနဲ့ပို့ဆောင်ရေးဝန်ကြီး ဦးတင်နွယ်ဦးဟာ ၂၀၂၀ ခုနှစ် ဩဂုတ်လအတွင်းက မကွေးတိုင်းလွှတ်တော် ပင်မအဆောက်အဦး အရည်အသွေးစစ်ဆေးတဲ့ ကုမ္ပဏီကနေ ငွေကျပ် သိန်းခြောက်ဆယ်ကို လက်ခံရယူကာ အဂတိလိုက်စားမှု ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ဆောက်လုပ်ရေးနဲ့ပို့ဆောင်ရေးဝန်ကြီး ဦးတင်နွယ်ဦးတို့ရဲ့ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်ငွေကျပ် ၂၄၉၇ သန်း ဆုံးရှုံးသွားတယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကိုတော့ တိုင်းအစိုးရအဖွဲ့ရဲ့ အဆောက်အဦးတည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ သက်ဆိုင်ရာကုမ္ပဏီတွေထံကနေ ငွေကြေးလက်ခံကာ ရာထူးတာဝန်ကို အလွဲသုံးစားပြုလုပ် အဂတိလိုက်စားမှုကျူးလွန်ခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ ရန်ကုန်တိုင်းဒေသကြီး သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

 
 

 

 

ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...