စစ်ကောင်စီ၏စေခိုင်းမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တပ်သားသစ်များ မဲနှိုက်စုဆောင်းပေးရာတွင် မဲပေါက်၍ မသွားလိုသောသူများအနေဖြင့် ကျပ်ငွေနှစ်သိန်းခွဲပေးဆောင်ရကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦး၏ ပြောပြချက်အရ ယခုလဆန်းပိုင်းက ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာခန့်လောက်တွင် အုပ်ချုပ်ရေးမှူးမှ ကျေးရွာအတွင်းရှိ ယောကျ်ားသားများကို တပ်သားသစ်စုဆောင်းရာတွင် ပါဝင်ရမည်ဖြစ်ပြီး မသွားလိုသူများသောကြောင့် မဲနှိုက်ခိုင်းပြီး မဲပေါက်သူအများစုမှာလည်း မသွားလိုကြသည့်အတွက် ယခုလို ငွေကြေးတောင်းခံခြင်းဖြစ်ကြောင်း ယခုလိုပြောသည်။
“ကျေးရွာအချို့မှာ မဲနှိုက်ရတာပေါ့။ မဲနှိုက်တော့ တချို့ကပေါက်ကြတယ်။ ပေါက်ပေမဲ့ မသွားချင်ကြဘူး၊ မသွားရဲကြဘူး။ အဲ့တော့ အုပ်ချုပ်ရေးမှူးကပြောတယ် မသွားဖူးဆိုရင် နှစ်သိန်းခွဲသုံးသိန်းပေးခိုင်းတယ်။ အဲ့ငွေတွေနဲ့ လူပြန်ငှားရမယ်တဲ့။ အခု အသိထဲကတစ်ယောက်က မဲပေါက်တော့ အုပ်ချုပ်ရေးမှူးတောင်းတဲ့အတိုင်း နှစ်သိန်းခွဲ သွားပေးလိုက်ပြီးပြောတယ်” ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် အစားထိုးသွားမည့်သူများအနေဖြင့်လည်း ထောက်ပံ့ကြေး ၃ သိန်းရရှိမည်ဟု အုပ်ချုပ်ရေးမှူးများက လိုက်လံပြောဆိုနေပြီး အဆိုပါ ၃ သိန်းရရှိမည်ဆိုသည့်အပေါ် စိတ်ဝင်စားကြသူတချို့လည်းရှိကာ အစားထိုးသွားလိုသူများလည်း များစွာရှိနေကြောင်း ၎င်းဒေသခံက ဆက်လက်ပြောဆိုသည်။
၎င်းလူသစ်စုဆောင်းမှုမျိုးကို ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းလောက်မှစ၍ ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာအတော်များများတွင် လုပ်ဆောင်နေပြီး မည်သည့် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့မှ ခေါ်ယူစုဆောင်းနေကြောင်းကို ဒေသခံကျေးရွာသားများမှ မသိရှိကြသလို ယခုလို လူသစ်စုဆောင်းခေါ်ယူမှုအပေါ်တွင်လည်း စိုးရိမ်မှုများရှိနေကြသည်ဟု ဒေသခံများက ဆိုသည်။
ထိုသို့ လူသစ်စုဆောင်းခေါ်ယူမှုများတွင်လည်း ပြည်သူ့စစ်အနေဖြင့် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ စုဆောင်းခေါ်ယူခံရသူများကို စစ်ကောင်စီမှ စစ်ပညာများ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက မိမိကျေးရွာအတွင်း ပြန်လည်နေထိုင်၍ ကျေးရွာလုံခြုံရေးအတွက် တာဝန်ယူသွားရမည်ဟု ပြောဆိုကြောင်း ဒေသခံများက ဆိုသည်။
ဆက်လက်ပြီး လတ်တလော ငွေကြေးတောင်းခံမှုနှင့်ပတ်သက်၍လည်း အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများ၏အဆိုအရ ထိုသို့ ငွေကြေးကောက်ခံရန် စစ်ကောင်စီဘက်မှ ပြောဆိုထားမှုမျိုးမရှိဘဲ အစားထိုးသွားမည့်သူများအတွက် နစ်နာကြေးအနေဖြင့် တစ်အိမ်ထောင်လျှင် ကျပ်ငွေ ၃ ထောင်ဖြင့်သာ ကောက်ခံသွားရန်စီစဉ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “အသိ အုပ်ချုပ်ရေးမှူးတစ်ယောက်က ပြောပြတာက ဒီလိုတောင်းခံခိုင်းတာမျိုးလည်း မရှိသလို ဒီလိုတောင်းတာမျိုးလည်း မလုပ်ရဘူးတဲ့။ နစ်နာကြေးအနေနဲ့ သွားမယ့်သူအတွက် နှစ်သောင်း၊ သုံးသောင်းလောက်ပဲ စုပြီးပေးတာမျိုးပဲ လုပ်ပေးတာ။ ဒီလိုတောင်းတာမျိုးတော့ မလုပ်ရဘူး။ တောင်းခဲ့ရင်လည်း အဖမ်းခံရမယ်ဆိုပြီး ပြောပြတယ်” ဟု ကေအိုင်စီသို့ပြောသည်။
လတ်တလောအချိန်ထိ စစ်ကောင်စီ၏ လူသစ်စုဆောင်းမှုမျိုးကို ဧရာဝတီတိုင်းဒေသအတွင်း ဝါးခယ်မမြို့နယ်အတွင်းသာ ဖြစ်ပေါ်နေကြောင်း ကြားသိရသေးပြီး ကျန်မြို့နယ်ဒေသများတွင် အလားတူစုဆောင်းမှုမျိုး မကြားသိရသေးကြောင်း ဒေသခံများထံမှ သိရသည်။
မြန်မာနိုင်ငံတွင် စစ်မှုမထမ်းမနေရဥပဒေ သတ်မှတ်ပြဌာန်းထားခြင်းမျိုးမရှိသလို လက်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ လူသစ်စုဆောင်းမှုသည်လည်း တရားဝင်မှုမရှိဘဲ အရပ်သားများ၏ စိတ်ဆန္ဒမပါဘဲ အတင်းအဓမ္မ စုဆောင်းခိုင်းခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်ဖြစ်ပြီး ယခင် စစ်အစိုးရလက်ထက် အဆင့်ဆင့်တွင်လည်း ယခုလို တရားမဝင်သည့်နည်းလမ်းများဖြင့် စစ်သားစုဆောင်းမှုများ ပြုလုပ်ခဲ့ဖူးသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်များက ဆိုသည်။







