မဒေးကျွန်း၏ နှစ်သုံးဆယ်

မဒေးကျွန်း၏ နှစ်သုံးဆယ်
by -
Development News Journal - ဝေမိုး
ကမ်းပါးသို့ကပ်လိုက်သည်နင့် မဒေးကျွန်းရှိ ယိုင်နဲ့နဲ့ဖောင်တော်ငယ်က ကြမ်းခင်းပေါက်များနင့် စောင့်ကြိုနေသည်။

ဖောင်တော်ပျက်ပေါ် ဆင်းနေကြသည့် ကျောက်မော်ကြီးရွာသားများက ဖောင်တော်ပြိုပျက်နေမည်ကို စိုးရိမ်တစ်ကြီးဖြင့် ဆင်းနေသည်။

ရွှေဂတ်စ်ထွက်ရှိသည့် မြေအဖြစ်ရော၊ ရေနံတင်သင်္ဘောများဆိုက်ကပ်ရာ မြေအဖြစ်ရော နာမည်ကြီးသည့် ရွာငါးရွာတည်ရှိသည့် မဒေးကျွှန်း၏ အဖွင့်မြင်ကွင်းဖြစ်သည်။ ခြေလှမ်းတစ်လှမ်းချင်းကို မှန်မှန်ကန်ကန်ရွှေးချယ်ရင်း ဖောင်တော်ကို လွန်မြောက်မှ စီမဒေးရွာသားများ သက်ပြင်းချကြသည်။

ဖောင်တော်ကို လွန်မြာက်လိုက်သည်နင့် ငှက်ပျောစိမ်းတောအုပ်များ အောက်တွင် မဒေးကျွှန်း၏ ဆိုင်တန်းငယ်များတည်ရှိရာ လှမ်းမြင်ရသည်။ ယိုင်နဲ့နဲ့ဖောင်တော်၏ မြောက်ဘက်၌ သေသပ်လှပစွာဖြင့် ကမ္ဘာကို ဖြန့်မည့် ရေနံများကို သယ်ဆောင်သော သင်္ဘောများဆိုက်ကပ်ရန်အတွက် ဆိပ်ခံတံတားကြီး တစ်ခုရှိသည်။ အရောင်စုံလင်စွာဖြင့်မဒေးကျွန်းတွင် ဆန့်ကျင်ဘက်အရာများ ယှဉ်တွဲလျှက်ဖြစ်စဉ်များ မြင်တွေ့နေရသည်။  တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် ရေနံများသယ်ယူမည့် သင်္ဘောမျာကြီးက ဖွင့်ပွဲပြုလုပ်မည့် မီးရောင်များနင့်ခမ်းနားစွာဖြင့်..။ ကမ်းပေါ်တွင်ကာ လုံခြံုရေးများ မြင်ကွင်းတိုင်းတွင်ရှိနေသည်။ ရေနံတင်သင်္ဘောများ ဆိုက်ကပ်ရန် ဆိပ်ကမ်းဖွင့်လှစ်မည့်ပွဲဖြစ်သည်။ မဒေးကျွန်းမှ စွမ်းအင်များကို တရုတ်နိုင်ငံသို့ တင်ပို့ကြတော့မည်။ မဒေးကျွန်းမှ ဒေသခံများ ၏ လျှော်ကြေးငွေများမှာမူ လက်ထဲသို့ရောက်ရှိခြင်းမရှိသေး။ ပိုက်လိုင်းဖွင့်ပွဲ မစတင်မီ ဆန္ဒပြမည်ဟု စီစဉ်ခဲ့ကြသော်လည်း လျှော်ကြေးေ ငွေအား ပြုလုပ်ပေးမည်ဟု ဆိုသောကြောင်း ဆန္ဒပြပွဲပြုလုပ်ခြင်း မဖြစ်ခဲ့ဟု မဒေးကျွန်းရှိ ဒေသဖွံဖြိုးရေး ဥက္ကဌ ဦးထွန်းကြည်က ဆိုသည်။

“သိမ်းဆည်းခံ လယ်မြေတွေအတွက် ဆန္ဒပြကြမလို့ပါ ဒါပေမယ့် ဇန်နဝါရီလ ၂၈ ရက်အထိ သက်ဆိုင်ရာက အုပ်ချုပ်ရေးအဖွဲ့တွေ က ဒေသခံတွေနဲ့လာပြီးတော့ ညှိနှိုင်းသွားခဲ့ပါတယ်။ သူတို့ဘက်က သိမ်းဆည်းခံလယ်မြေတွေအတွက် ကရုဏာကြေးပေးမယ်ဆိုပြီးတော့ စာရင်းတွေ ကောက်ခံသွားခဲ့တယ်။ ဒါကြောင်း ဆန္ဒဖော်ထုတ်မည့်ပွဲကို ဖျက်သိမ်းခဲ့ရတာပါ”

လက်ရှိအချိန်တွင် ကျွန်းပေါ်တွင် မီးတားမြေဆိုပြီး လုံခြံုရေး အခြေနေများအရ CNPC ကုမ္ပဏီက လုပ်ကိုင်ရန် အစီစဉ်ရှိနေကြောင်း ဦးထွန်းကြည်က ပြောသည်။ သိမ်းဆည်းခံထားရသော မြေယာများအတွက် လျှော်ကြေးငွေမရရှိသေးသည့် အခြေနေ၌ ထို မီးတားမြေ ကိစ္စသည် မဒေးကျွန်းဒေသခံများအတွက် နောက်ထပ်စိုးရိမ်စရာတစ်ခုဖြစ်သည်။

ကျောက်ဖြူမြို့နယ် မြေစာရင်းဦးစီးဌာနမှ ဦးစီး ဦးလှထွန်းက ယခုအချိန်ထိ မြေစာရင်းဌာနဘက်မှ မီးတားမြေကိစ္စနင့်ပတ်သက်ပြီး သိရှိခြင်း မရှိသေးဟုဆိုသည်။ ကျောက်ဖြူမြို့နယ် မယက ဦးစီး ဦးညီညီလင်းကမှု မဒေးကျွန်းပေါ်ရှိ မီးတားမြေနင့်ပတ် သက်ပြီး မြေယာသတ်မှတ်မူမရှိသေးသည်ကို DNJ သို့ပြောသည်။

“အရင်မြေတွေထဲမှာပဲလုပ်ဖြစ်မယ်။ ဒါမှ မဟုတ် လယ်မြေသစ်တွေမှာရှာပြီးလုပ်ဖြစ်မယ် လောလောဆယ်တော့ သတ်မှတ်ထားတာ မရှိသေးပါဘူး စီစဉ်နေတုန်းပါပဲ”

မဒေးကျွန်းစီမံကိန်းနှင့် ပိုက်လိုင်းတည်ရှိရာ လမ်းကြောင်းတစ်လျှောက်ရှိ အသုံးပြုခဲ့သည့် မြေယာများအတွက် မြေယာများ ကိုမှု လျှော်ကြေးလုပ်ငန်းများကို ဆောင်ရွက်ပြီးဖြစ်သည်ဟု မြန်မာ-တရုတ် ပိုက်လိုင်းစီမံကိန်းမှ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့မြေယာများအား သိမ်းရာတွင် နှစ်မျိုးရှိကြောင်းသိရသည်။ အမြဲတမ်းသိမ်းဆည်းမှု သို့မဟုတ် ယာယီ သိမ်းဆည်းခြင်းဖြစ်သည်။ သို့သော် မဒေးကျွန်းရှိဒေသခံများသည် မိမိတို့တို့၏ မြေအခြေနေကို မည်သို့သိမ်းဆည်းသလဲဆိုသည်ကို သိရှိခြင်းမရှိကြသေးချေ။

မြန်မာ-တရုတ် ပိုက်လိုင်းစီမံကိန်း Public Relation ဌာနမှ တာဝန်ရှိသူ မစ္စတာကျန်းက မြေယာသိမ်းဆည်း မှုများတွင် လျှော်ကြေးငွေများ အား ကိုယ်တိုင်ကိုယ်ကျ သွားရောက်လျှော်ကြေးငွေပေးခဲ့သည်ဟုဆိုသည်။ သို့သော်လည်း မဒေးကျွန်းဖွင့်ပွဲရက် မကျင်းပခင်ထိ မြေယာ သိမ်းဆည်းမှုကြောင့် လျှော်ကြေးငွေမရရှိ၍ ဆန္ဒပြရန်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

မဒေးကျွန်းပေါ်ရှိ လူဦးရေ နစ်ထောင်ကျော်၏ ပူပင်ကြောင်းကြမှုသည် နောက်ထပ်မြေယာများသိမ်းဆည်းခံရမည်လား ဆိုသည် ပူပန်မှုဖြစ်သည်။ မဒေးကျွန်းပေါ် စီမံကိန်းများတည်ဆောက်စဉ်က ဒေသခံများ အကျိုးခံစားခွင့်ရရှိမည် ဆိုသော်လည်း လုပ်ငန်းအတွင်း ကာယလုပ်သားများအဖြစ် လုပ်ကိုင်ကာ ပြည်ပလူမျိုးတို့၏ ဖိနှိပ်မှုကိုသာခံခဲ့ရသည်။ စီမံကိန်းပြီးဆုံးပြီးနောက်တွင်လည်း ဒေသခံများအား အကျိုးခံစားခွင့်ရရှိမည်ဟု ဒုသမ္မတ ဦးညဏ်ထွန်းကဆိုသည်။

မဒေးကျွန်းရှိ စီမံကိန်းကြောင့် ဒေသခံများစိုးရိမ်ပူပန်ရသည့် အထဲတွင် စီမံကိန်း၏ မတော်တဆဖြစ်မှုကြောင့် ဖြစ်ပွားလာနိုင်သည့့် အန္တရာယ်များလည်း ပါဝင်သည်ဟု မဒေးကျွန်းရှိ ကျောက်မော်ကြီးရွာသား ကိုထွန်းလင်းက DNJ ကိုရှင်းပြသည်။

“ကျွန်တော်တို့ စိုးရိမ်တာက ရေနံတင်သင်္ဘောကြီးတွေက ရေနံတွေယိုစိမ့်ပြီး ပေါက်ကွဲမှုဖြစ်မှာကို စိုးရိမ်တယ်၊ တစ်ခုခုဆိုရင် ကျွန်းတစ် ကျွန်းလုံးဒုက္ခအတိ ဖြစ်သွားမယ်”

ကိုထွန်းလင်း စိုးရိမ်သကဲ့သို့ပင် ရေနံတင် သင်္ဘောကြီးများကြောင့် တစ်ခုခု အန္တရာယ်ဖြစ်ပွားပါက အကာကွယ်ပေးနိုင်ရန် ကာကွယ်မည့် ဥပဒေများလည်း မရှိသေးကြောင်း ဝေဖန်မှုများထွက်ပေါ်နေသည်။  ကျောက်ဖြူမြို့နယ် ပြည်သူလွတ်တော် ကိုယ်စားလှယ် ဦးဘချိန်က “ အခမ်းနားဖွင့်ပွဲမှာတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမရှိအောင် ပြုလုပ်သွားမည်လို့တော့ ပြောဆို မှုတွေရှိခဲ့ပါတယ်“ ဟု ဆိုသည်။

မြန်မာ-တရုတ်ပိုက်လိုင်းစီမံကိန်း သတင်းအချက်လက်များ၏ ထုတ်ပြန်ချက်အရ ရေနံစိမ်းပိုက်လိုင်း တစ်လျှောက်တွင် Block Value ၃၁ ခုတည်ဆောက်ထားပြီး သဘာဝဓါတ်ငွေ့ပိုက်လိုင်းတစ်လျှောက်တွင် Block Value ၂၈ ခုတည်ဆောက်ထားခြင်းကြောင့် ပိုက်လိုင်း အတွင်း ဖိအားကျဆင်းမှု၊ အမြန်နှုန်း၏ပြောင်းလဲမှုနှင့်အညီ အလိုအလျှောက် ပိတ်နိုင်သည့် စနစ်များပါဝင်ကြောင်းဆိုသည်။

မြန်မာတရုတ်ရေနံနင့်သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းသည် မြန်မာတရုတ် နှစ်နိုင်ငံ၏ နိုင်ငံတော်အဆင့်နင့် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းတစ်ခုဖြစ်သည်။ ယင်းစီမံကိန်းများအား တရုတ်၊ မြန်မာ၊ ကိုရီးယား၊ အိန္ဒိယ စသည့် နိုင်ငံ လေးနိုင်ငံမှ အစုရှယ်ယာ ကုမ္ပဏီခြောက်ခု ပူးပေါင်းရင်းနှီးထည့်ဝင်ဆောင်ရွက်သည့် စီမံကိန်းလည်းဖြစ်သည်။

မဒေးကျွန်းတွင် လုပ်ငန်းစီမံကိန်းများဖော်ဆောင်လာပြီးနောက် မဒေးကျွန်းပေါ်တွင် ပြည်မဘက်မှလည်း လုပ်သားများ ဝင်ရောက်လာမှု ကြောင့်လည်း ကျွန်းသည် စည်ကားနေခဲ့ပြီဖြစ်သည်။ ယင်းလုပ်သားများ၏ စားဝတ်နေရေးကို ဖြေရှင်းပေးရန် ဆိုင်ဖွင့်လှစ်ရောင်းချပေးသည့် ဆိုင်ခန်းငယ်များလည်း မဒေးကျွန်း ကျောက်မော်ကြီးကျေးရွာတွင် ပေါ်ပေါက်ခဲ့ပြီဖြစ်သည်။

ထိုသို့ဆိုင်ခန်းငယ်များ ညရော၊ နေ့ရော ဖွင့်လှစ်ရောင်းချမှုများရှိနေကြသည်။ သို့သော် ည၌ ဖွင့်လှစ်သည် ဆိုင်းခန်းများမှာ လျှပ်စစ်မီး ပြဿနာကို ကြံုတွေ့နေရဆဲဖြစ်သည်။

“အန်ကယ်တို့တော့ ညမှာဆိုရင် မီးစက်နိုးပြီးတော့ မီးကိုသုံးတော့တာပဲ အရင်တုန်းကဆိုရင်တော့ မီးရတာတွေရှိတယ်။ နောက်တော့ မီးကြိုးတွေ ဘာတွေကို သူတို့ပဲ ဖြုတ်ပြီး ယူသွားတယ်’’

မဒေးကျွန်းပေါ်တွင် တရုတ်လူမျိုးများ နားနေရာ အဆောက်အအုံများတွင်မှု လျှပ်စစ်မီးများဖြင့် ထိန်လင်းနေသည်။ အစိုးရ၏ ပြောစကား များအရ ဒေသခံများ၏ ဖွ့ံဖြိုးမှု ဆိုသည်မှာ မဖြစ်လာသေးသော အရာတစ်ခုဖြစ်သည်။

ယခုဆိုလျှင် မဒေးကျွန်းအား တရုတ်နိုင်ငံသို့ နှစ်သုံးဆယ်ငှားရမ်းခဲ့ပြီဖြစ်သည်။ ယင်းစီမံကိန်းတွင်ပါဝင်သည့် သဘာဝဓါတ်ငွေ့ပိုက် လိုင်းသည် ၂၀၁၃ ခုနှစ်ဇူလိုင်လတွင် စတင်လည်ပတ်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၅ ရက် နံနက် ၆ နာရီအချိန်ထိ တရုတ်နိုင်ငံသို့ သဘာဝဓါတ်ငွေ့ ကုဗမီတာ ၃ ဒသမ ၉၂ ဘီလီယံ ပို့လွှတ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ကုဗမီတာ ၁၄၇ မီလီယံ ရယူနိုင်ခဲ့ကြောင်းသိရသည်။

လုပ်ငန်းခွင်အတွင်းလည်း မြန်မာလုပ်သား ၅၀၀၀ ကျော်ကို အလုပ်ခန့်အပ်နိုင်ခဲ့သည်ဟု ပိုက်လိုင်းထုတ်ပြန်ချက်များ ကဆိုသည်။ မြန်မာ-တရုတ်ပိုက်လိုင်း စီမံကိန်းဌာနမှ မစ္စတာ ကျန်းက လုပ်ငန်းဆောင်ရွက်မှု အခြေနေပေါ်မှုတည်၍ ဒေသခံလုပ်သားများအား ခန့်အပ်ပေးသွားမည်ဟုဆိုသည်။

ပထဝီနိုင်ငံရေးအရ အရေးပါသော ကျောက်ဖြူမြို့နယ်အတွင်းရှိ မဒေးကျွန်းစီမံကိန်းသည် တရုတ်နိုင်ငံ၏ ညင်သာသော ကတ္တီပါထွက်ပေါ က်ဖြစ်သလို ရခိုင်ပြည်သူပြည်သားများအတွက် နှစ်သုံးဆယ်ရင်းနီးမြုပ်နံရမည့် အနာဂါတ်တစ်ခုဖြစ်သည်။ ရခိုင် နိုင်ငံရေး လေ့လာသုံးသပ် သူများကြားတွင် ၂၀၁၂ ရခိုင်အရေးခင်းသည် ကျောက်ဖြူ မဒေးကျွန်းစီမံကိန်း အတွက် ဖော်ဆောင်ခြင်းလည်း ဖြစ်နိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

ရွာငါးရွာခန့်သာတည်ရှိသော မဒေးကျွန်းတွင် မြို့ပေါ်မှ စီးပွားရေးသမားများနင့် အာဏာပိုင်များက မြေယာများ ပိုင်ဆိုင်ဝယ်ယူထားမှု များလည်းရှိကြောင်းသိရသည်။

မဒေးကျွန်းပေါ်တွင် လက်ရှိရင်ဆိုင်နေရသည့် အရာများထဲတွင် တရုတ်လူမျိုးများနေထိုင်သည့် အဆောက်အအုံအတွင်းနင့် လုပ်ငန်းခွင်မှ စွန့်ပစ်ပစ္စည်းများအား ကျောက်မော်ကြီးရွာရှိ ကျေးရွာအနီးသို့ လာရောက်စွန့်ပစ်ကြကြောင်းသိရ သည်။ ကျောက်မော်ကြီး ရွာအနီး ရှိ ချောင်းတွင် ထိုစွန့်ပစ်ပစ္စည်းများကြောင့် ချောင်းသည်ပျက်စီးနေခဲ့ပြီဖြစ်သည်။  ကျွန်းပေါ်ရှိ ကျေးရွာများမှလည်း တိုးတက်မှုသည် ဖွံဖြိုးမှု၏ အခြားတစ်ဘက်မှာ ဖြစ်သည်။  မဒေးကျွန်း၏ နှစ်သုံးဆယ် ကံကြမ္မာသည် စစ်အေးအလွန် ကိုလိုနီနယ်ချဲမှုအောက်တွင် ကျရောက်ခဲ့ပြီဖြစ်သည်။

Most read this week

More news from Others
January 15, 2016
မေး။  ။ ဆရာမတာဝန်ယူထားရတဲ့အပိုင်းနဲ့ KBC ကလုပ်ဆောင်ပေးနေတဲ့ အပိုင်းတွေ သိပါရစေ ခင်ဗျား။ ဖြေ။...
January 13, 2016
MSF ဟော်လန်အနေဖြင့် ၂၀၀၃-၂၀၀၄ မှ စတင်ကာ အေအာရ်တီ ( ART ) ဆေးပရိုဂရမ်ကို စတင်ခဲ့သော်လည်း...
November 17, 2015
မြန်မာနိုင်ငံရဲ့ အထင်ကရ တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာ ပါဝင်ခဲ့တဲ့ ဦးအေးမောင်ဟာ...