KNLA တပ်မဟာ (၇) မှ ဗိုလ်မှူးချုပ်စောဂျော်ဖြူ စျာပန လူထောင်ချီနီးပါး လိုက်ပါပို့ဆောင်

KNLA တပ်မဟာ (၇) မှ ဗိုလ်မှူးချုပ်စောဂျော်ဖြူ စျာပန လူထောင်ချီနီးပါး လိုက်ပါပို့ဆောင်

ဇွန် ၂၀ ရက်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂျော်ဖြူ၏ ဈာပနအခမ်းအနားကို ယနေ့ ဖားအံခရိုင်ရှိ တပ်မဟာ ၇ ဌာနချုပ်တွင်ပြုလုပ်ခဲ့ရာ လူထောင်ချီနီးပါး လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ယနေ့ စျာပနအခမ်းအနားသို့ KNU-ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ဒု-ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းနှင့် အထွေထွေအတွင်းရေးမှူးအဖွဲ့ဝင်များ၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီနှင့် ဗဟိုစစ်ဌာနချုပ်မှ ခေါင်းဆောင်များ၊ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်မှူးကြီးစောချစ်သူနှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ အရာရှိခေါင်းဆောင်အချို့တို့ တက်ရောက်ခဲ့ကြသည်။

ဗိုလ်မှူးချုပ်စောဂျော်ဖြူ ကွယ်လွန်သွားခြင်းနှင့်ပတ်သက်ပြီး KNLA တပ်မဟာ ၇ ဗျူဟာမှူး စောဖောဒိုက "ဒီအချိန်မျိုးမှာကတော့ အရေးကြီးတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ တပ်မဟာမှူး၊ ကျနော်တို့ခေါင်းဆောင် ဒီလိုဖြစ်သွားတာကတော့ ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ ယူဆပါတယ်နော်။ ကျနော်တို့ကတော့ ဦးဆောင်မှု ခေါင်းဆောင်တွေရှိတဲ့အတွက်ကြောင့် ကျနော်တို့အဖွဲ့အစည်းတစ်ခုမှာ ဦးဆောင်မှုအစီအစဉ်အတိုင်း ကျနော် တို့ဆက်သွားမှာပါ" ဟု ကေအိုင်စီသို့ပြောသည်။

ယနေ့ နံနက် ၁၁ နာရီမှ မွန်းလွဲ (၃) နာရီခွဲအထိ ပြုလုပ်သည့် ဗိုလ်မှူးချုပ်စောဂျော်ဖြူ၏ ဈာပနအခမ်းအနားတွင် ဘုရားဝတ်ပြုဆုတောင်းခြင်း၊ ပေးပို့လာသည့် သဝဏ်လွှာများကို ဖတ်ကြားခြင်းနှင့် အမိန့်တော်ပြန်ကြားခြင်းဖြင့် ပြုလုပ်ခဲ့ကြသည်။

ဗိုလ်မှူးချုပ်စောဂျော်ဖြူသည် ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ တဒွီးခိုကျေးရွာတွင် ၁၉၅၁ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင်မွေးဖွားပြီး ၁၉၆၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် ကရင့်အမျိုးသားတော်လှန်ရေးထဲသို့ ဝင်ရောက်ခဲ့သည်။

သူသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၇ တွင် တပ်ကြပ်ကြီး၊ ဒု-ရင်းမှူး၊ တပ်ရင်းမှူး စသည့် ရာထူးအဆင့်ဆင့်ကို တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မဟာမှူးအဖြစ် တာဝန်ထမ်းဆောင်နေရင်း ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၇၀ ရှိပြီဖြစ်သည့် ဗိုလ်မှူးချုပ်စောဂျော်ဖြူသည် လက်ရှိ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၏ ညီဖြစ်သူလည်းဖြစ်သည်။

သူကွယ်လွန်ချိန်တွင် ဇနီးနော်ဘူဘိုးနှင့် သားသမီး ၆ ဦး ကျန်ရစ်ခဲ့သည်။

 
 

 

 

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...