တောင်ကုတ်မြို့ မိုးပညာဒါနပရဟိအသင်း ဥက္ကဋ္ဌအပါအဝင် ၇ ဦးကို စစ်ဆေးနေကြောင်း ပြည်နယ်စစ်ကောင်စီပြော

တောင်ကုတ်မြို့ မိုးပညာဒါနပရဟိအသင်း ဥက္ကဋ္ဌအပါအဝင် ၇ ဦးကို စစ်ဆေးနေကြောင်း ပြည်နယ်စစ်ကောင်စီပြော

ရခိုင်ပြည်၊ တောင်ကုတ်မြို့ရှိ မိုးပညာဒါနပရဟိတအသင်း ဥက္ကဋ္ဌ ကိုအောင်လှိုင်ဝင်းအပါအဝင် ၇ ဦးကို လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးထားပြီး လက်ရှိတွင် ၎င်းတို့ကို စစ်ဆေးမေးမြန်းနေကြောင်း ပြည်နယ်စစ်ကောင်စီမှ သိရသည်။

ကိုအောင်လှိုင်ဝင်းအပါအဝင် ၇ ဦးတို့သည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့က တောင်ကုတ်-သံတွဲသွားရာလမ်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခြင်းခံလိုက်ရခြင်းဖြစ်သည်။

သို့သော် ၎င်းတို့ ၇ ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးစစ်ဆေးနေသည် မသိရှိကြောင်း ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ပြောသည်။

“ကျနော်တို့ သိထားတာကတော့ တပ်မတော်က ဖမ်းတယ်လို့လည်းမဟုတ်ဘူး။ လုံခြုံရေးတပ်ဖွဲ့ ခေါ်တာပေါ့နော်။ အခုက နိုင်ငံမှာသုံးတဲ့အခါမှာ ရဲပါမယ်၊ တပ်ပါမယ်ပေါ့။ တခြားအဖွဲ့အစည်းတွေလည်း ပါကောင်းပါနိုင်တယ်။ အဲဒီလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းထားတယ်လို့ သိရတယ်” ဟု သူကဆိုသည်။

ယင်းအပြင် ကိုအောင်လှိုင်ဝင်းအပါအဝင် ၇ ဦးကို မည်သည့်အတွက် ဖမ်းဆီးစစ်ဆေးနေသည်ကို မသိရှိရသော်လည်း သူတို့ကို ရက္ခိုင့်တပ်တော် (AA) နှင့်ပတ်သတ်သည့် အမှုမဟုတ်ဟုသိရကြောင်း ဦးလှသိန်းက ဆက်ပြောသည်။

“အခုလောလောဆယ်တော့ စစ်ဆေးမေးမြန်းတဲ့ အနေအထားဖြစ်ပါတယ်။ ကျနော်ပြောနိုင်တာတော့ ဒါဟာ AA နဲ့ပတ်သတ်တဲ့ အမှုမဟုတ်ဘူးလို့ သိတယ်။ အခုလောလောဆယ်တော့ စစ်ဆေးတုန်း၊ မေးမြန်းတုန်းဖြစ်ပါတယ်။ ပြီးရင်တော့ ဥပဒေအရ အရေးယူဖို့ ထုတ်ပြန်တာတွေရှိလာနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိဖမ်းဆီးစစ်ဆေးခံနေရသူ ၇ ဦးထဲတွင် တောင်ကုတ်မြို့ရှိ မိုးပညာဒါနပရဟိတအသင်းမှ ဥက္ကဋ္ဌဖြစ်သူ ကိုအောင်လှိုင်ဝင်း တစ်ဦးသာပါဝင်ပြီး ကျန် ၆ ဦးမှာ မိုးပညာဒါနပရဟိတအသင်းမှ မဟုတ်သလို မည်သူမှန်း မသိရှိကြောင်း အဆိုပါပရဟိတအသင်းမှ သိရသည်။

ဖမ်းဆီးခံထားရသည့် ကိုအောင်လှိုင်ဝင်းနှင့် လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးသဖြင့် စိုးရိမ်မှုများရှိနေကြောင်း သူ၏ဇနီးဖြစ်သူ မတွယ်တာစိုးက ဆိုသည်။

"အခုအချိန်ထိတော့ အဆက်အသွယ်မရသေးဘူး။ သူ့ကို ဖမ်းဆီးထားတော့ ကျမတို့အနေနဲ့ အခက်အခဲရှိတာပေါ့။ အိမ်ထောင်ဦးစီး အိမ်မှာမရှိတော့ နေထိုင်ရေး၊ စားသောက်ရေးကအစ အကုန်အခက်အခဲဖြစ်တယ်" ဟု ၎င်းကပြောသည်။

ကိုအောင်လှိုင်ဝင်းမှာ မိသားစုစားဝတ်နေရေးအတွက် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်သူသာဖြစ်သည်ဟုလည်း ဇနီးဖြစ်သူက ဆိုသည်။

မိုးပညာဒါနပရဟိတအသင်းကို ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းအသင်းမှ ဦးဆောင်ကာ လက်ရှိတွင် မိုးပညာဒါနသင်တန်းကျောင်းကို ဖွင့်လှစ်ထားကြောင်းသိရသည်။

အဆိုပါသင်တန်းကျောင်းတွင် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ဝပ်ရှော့အပါအဝင် တစ်ခြားအသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားပေးပြီး ရခိုင်ပြည်အတွင်းမှ ကျောင်းသားဦးရေ ၅၀ ကျော်အထိ တက်ရောက်လျှက်ရှိသည်။

ယမန်နေ့ကလည်း တောင်ကုတ်မြို့နယ် လမူးအုပ်စု အမှတ် (၅) ရပ်ကွက် (၇) လမ်းတွင်နေထိုင်သူ ဦးအေးသန်းမောင်ကို ယူနီဖောင်းဝတ်ဆင်ထားသည့် မြန်မာစစ်သားနှစ်ဦးနှင့် အရပ်ဝတ်ရဲနှစ်ဦးတို့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များထံမှ သိရသည်။

ဓါတ်ပုံ - မိုးပညာဒါနပရဟိတအသင်းဥက္ကဌ ကိုအောင်လှိုင်ဝင်းနှင့် သူ့ပတည့်များအားတွေ့ရစဉ်။

 
 

 

 

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...