ရခိုင်ပြည်တွင် မိုင်းအန္တရာယ်အသိပညာပေး ပိုမိုထိရောက်စွာဆောင်ရွက်ရန် လိုအပ်

ရခိုင်ပြည်တွင် မိုင်းအန္တရာယ်အသိပညာပေး ပိုမိုထိရောက်စွာဆောင်ရွက်ရန် လိုအပ်
စစ်လက်နက်ကျန်ပစ္စည်းပေါက်ကွဲမှုကြောင့် ရသေ့တောင်မြို့နယ်က ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သူ။ ဓါတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
စစ်လက်နက်ကျန်ပစ္စည်းပေါက်ကွဲမှုကြောင့် ရသေ့တောင်မြို့နယ်က ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သူ။ ဓါတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ရခိုင်ပြည်က တောင်သူများနှင့် တောတောင်ကို မှီခိုလုပ်ကိုင်စားသောက်နေသည့် ဒေသခံများမှာ မိုးရာသီအတွင်း မိုင်းအန္တရာယ်ကို စိုးရိမ်နေကြပြီး မိုင်းအပါအဝင် စစ်လက်နက်ကျန်ပစ္စည်းများနှင့်ပတ်သက်၍ အသိပညာပေးခြင်းအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းတို့က တောင်းဆိုကြသည်။

မိုးရာသီမှမဟုတ် အခြားရာသီတွင်လည်း မိုင်းပေါက်ကွဲခြင်းနှင့် စစ်လက်နက်ကျန်ပစ္စည်းများ ပေါက်ကွဲခြင်းတို့ကို ရခိုင်ပြည်အတွင်း မကြာခဏ ကြုံတွေ့နေရ၍ အလွန်စိုးရိမ်နေကြောင်း မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှ တောင်သူ ဦးစိုးနိုင်က DMG သို့ ပြောသည်။

လတ်တလောအနေဖြင့် ယခု ဇွန်လ ၄ ရက်နေ့က ပုဏ္ဏားကျွန်းမြို့တွင် ဖားရှာရာကနေ ကောက်ယူလာသည့် စစ်လက်နက်ကျန်ပစ္စည်း ပေါက်ကွဲခြင်းကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့ရသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သန်းတင်က “ဒေသခံတွေက မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီးတော့ အများကြီးစိုးရိမ်းမှုတွေရှိတယ်။ အခုလို မိုးရာသီမှာ ဒေသခံတွေက တောတောင်တွေကို ဟင်းရှာ၊ ငါးရှာတောင် မသွားရဲကြဘူး။ မသွားရဲကြတော့ သူတို့အတွက် စားဝတ်နေရေးတွေ အခက်ခဲတွေရှိတယ်။ အစိုးရကတော့ မိုင်းရှင်းလင်းရေးတွေ လုပ်ထားပြီလို့ပြောတယ်၊ ဒါပေမယ့် မိုင်းပေါက်ကွဲတာတွေရှိတဲ့အတွက် ဒေသခံတွေ အများကြီးစိုးရိမ်မှုတွေရှိတယ်” ဟု ဆိုသည်။

မိုင်းအပါအဝင် စစ်လက်နက်ကျန်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် ကျောက်တော်မြို့နယ်တွင် သေဆုံးမှုနှင့်ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိပြီး အဓိက တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း၊ ယခု တိုက်ပွဲများ ရပ်တန့်နေသည့်အချိန်တွင် မိုင်းအန္တရာယ်အသိပညာပေးခြင်းကို ထိထိရောက်ရောက်ဆောင်ရွက်သင့်သည်ဟု ကျောက်တော်ဒေသခံ ဦးဦးထွန်းဝင်းက ပြောသည်။

မိုင်းအန္တရာယ်အသိပညာပေးခြင်းကို ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ပြုလုပ်ပေးနေသည်ဟု အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

“အခုကတော့ Donor တွေ၊ NGO အဖွဲ့တွေရဲ့ ရန်ပုံငွေတွေနဲ့ပေါင်းပြီးတော့ လုပ်တာမဟုတ်ဘူး။ ကျနော်တို့ (REC) အနေနဲ့ တတ်နိုင်သလောက် မိုင်းအန္တရာယ်အသိပေးမှုတွေလုပ်တာ။ တခြားမြို့နယ်တွေမှာ စာသင်ကျောင်းတွေနဲ့တော့ မိုင်းအန္တရာယ်အသိပေးဖို့အတွက် ညှိနှိုင်းနေတာတွေရှိတယ်။ ကျောင်းတွေနဲ့ ညှိနှိုင်းလို့အဆင်ပြေရင်တော့ ဆက်လက်ပြီး ဆောင်ရွက်သွားဖို့ရှိတယ်” ဟု ဆိုသည်။

ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့မှ ကျေးရွာပေါင်း ၁၇၂ ရွာနှင့် စစ်ဘေးရှောင်စခန်း ၇၈ ခုမှ လူဦးရေ ၆၀၂ ဦးကို ၂၀၂၀ ခုနှစ်၊ မတ်လမှ ၂၀၂၁ ခုနှစ် မတ်လအတွင်း USAID ၏ ပံ့ပိုးရံပုံငွေဖြင့် မိုင်းအသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ ကောက်ယူထားသည့် စစ်တမ်းများအရ တိုက်ပွဲဖြစ်ပွားသည့်အချိန်မှ ယနေ့အချိန်ထိ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၉ ဦးနှင့် ဒဏ်ရာရသူ ၇၉ ဦးရှိကြောင်း သိရသည်။

၎င်းတို့ထဲတွင် ကလေးသူငယ် အများဆုံးပါဝင်နေကြောင်း ဆိုသည်။

 
 

 

 

April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...