မြန်မာ့ PDF ရှေ့ခရီး

မြန်မာ့ PDF ရှေ့ခရီး

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း KNU နှင့် KIO တို့ကဲ့သို့ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများသည် မြန်မာစစ်တပ်အပေါ် ထိုးစစ်ဆင်မှုများ အရှိန်မြှင့်ခဲ့ကြသည်။ ချင်းတောင်တန်းများပေါ်မှ တူမီးနှင့် ပြောင်းချောသေနတ်များကိုင်ဆောင်ထားသည့် လယ်သမားများ၏ ဒေသအလိုက် ဖွဲ့စည်းထားသည့် ကာကွယ်ရေးတပ်များ၏ ထိုးစစ်များကြောင့်လည်း မြန်မာစစ်တပ်သည် အထိနာမှုများရှိသည်။

ကယားနှင့် ကရင်ပြည်နယ်တို့တွင် EAO များသည် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များကို သင်တန်းပေးသလို ပူးပေါင်းဆောင်ရွက်မှုများလည်းရှိသည်။ စစ်ကိုင်းတိုင်း အနောက်ဘက်တွင်ဆိုလျှင် ဤတပ်များသည် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရသည်အထိ ပြင်းထန်သော တိုက်ခိုက်မှုများရှိခဲ့သည်။ ရန်ကုန်ကဲ့သို့ ပင်မမြို့ကြီးများတွင်လည်း ပြီးခဲ့သော သီတင်းပတ်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားသည့် ဗုံးဖောက်ခွဲမှုများနှင့် ပစ်ခတ်မှုများ၊ တပ်မတော်နှင့် ရဲသတင်းပေးဟု သံသယရှိသူများအား ကိုယ့်သဘောနှင့်ကိုယ် လုပ်ကြံသတ်ဖြတ်မှုများလည်း မြင့်တက်ခဲ့သည်။

ဤကဲ့သို့ အစုလိုက်အပြုံလိုက် လူသတ်မှုများအကြားတွင် မြန်မာနိုင်ငံ၏ နောက်ဆုံးသော တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွဲ့စည်းသည့် လက်နက်ကိုင်တပ်တစ်ခု ဝင်ပါလာပြီဖြစ်သည်။

မြန်မာစစ်တပ်က ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖြုတ်ချရန်ရည်ရွယ်ပြီး စင်ပြိုင်ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် မေလ ၅ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ဖွဲ့စည်းသည်။ “ပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ၊ စစ်ရေးအရ ရန်လိုတိုက်ခိုက်မှုများကို ထိန်းချုပ်အဆုံးသတ်ခြင်းဖြင့် နှစ်ပေါင်းခုနစ်ဆယ်ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ ထိရောက်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းနိုင်ရေးတို့ကို ဆောင်ရွက်ရန် တာဝန်ရှိလာ” သည့်အတွက် PDF ကို ဖွဲ့စည်းခြင်းဟု ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

NUG သည် မြန်မာစစ်တပ်နှင့် စစ်တပ်နှင့်ဆက်နွယ်သည့် အဖွဲ့အစည်းများအား “အကြမ်းဖက်အဖွဲ့အစည်းများ” အဖြစ် သတ်မှတ်လိုက်ကြောင်း ဇွန်လ ၇ ရက်နေ့တွင် ကြေညာသည်။ NUG-PDF ၏ လုပ်ငန်းဆောင်ရွက်မှု မူဘောင်များကို လေ့လာရသလောက်ဆိုလျှင် တပ်မတော်ကိုစည်းရုံးခြင်း၊ ထိရောက်သော ထိုးစစ်ဆင်ခြင်းများလုပ်ဆောင်ရာ၌ PDF အနေဖြင့် အဓိကစိန်ခေါ်မှုများကို ကြုံတွေ့လာရမည်ကို ထင်ရှားစွာ မြင်တွေ့နေရသည်။

PDF ၏ ကာကွယ်ရေးမူဝါဒ ၃၅ ချက်တွင် “ဒီမိုကရေစီနှင့် လူ့ခွင့်အရေးစံနှုန်းများ၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုသည့် ဖက်ဒရယ်တန်ဖိုးများနှင့်အတူ ရပ်တည်မည်” ဟု ဖော်ပြထားသည်။

NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနကို အရပ်သားများ ဦးဆောင်မည်ဖြစ်ကာ ကာကွယ်ရေးအသုံးစရိတ် သတ်မှတ်ခြင်းနှင့် ထပ်တိုးစည်းကမ်းများ ချမှတ်ခြင်းတို့ကို “အရပ်သားအုပ်ချုပ်မှု” အောက်တွင် ဆောင်ရွက်မည်ဟုဆိုသည်။ ဂျီနီဗာကွန်ဗင်းရှင်းက ချမှတ်ထားသည့် စည်းကမ်းများကိုလည်း လက်နက်ကိုင်ပဋိပက္ခအတွင်း လိုက်နာမည်ဟု ဆိုသည်။ NUG ၏ စည်းကမ်းချက်များတွင် “ရာထူးများ ခန့်အပ်တာဝန်ပေးရာတွင် တိုင်းရင်းသားအရေး၊ ဘာသာရေး၊ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုများ မရှိ” ကြောင်း ကတိပေးထားသည်။

NUG-PDF ၏ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များတွင် စစ်ဘက်ဆိုင်ရာ ဥပဒေများနှင့် အရပ်သားများအပေါ် ကျင့်သုံးရမည့် ဆက်ဆံရေးနှင့် ပတ်သက်သည့် လမ်းညွှန်ချက်များပေးထားသလို မေလ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် ၁/၂၀၂၁ ကြေညာချက်၌လည်း PDF တွင် အမှုထမ်းလိုသူတိုင်းသည် “သတ်မှတ်ထားသော စစ်ပညာသင်တန်းသို့ တက်ရောက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ စစ်တိုင်းအောက်ရှိ တပ်ရင်းတစ်ခုတွင် ပေးအပ်သောတာဝန်ကို ထမ်းဆောင်ရမည်” ဟု ဖော်ပြထားသည်။

PDF ၏ လေ့ကျင့်ရေးစခန်း အများစုသည် မြန်မာအရှေ့ပိုင်းနှင့် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များ၏ ထိန်းချုပ်နယ်မြေများထဲတွင် ရှိသည်။ NUG-PDF သည် မြောက်ပိုင်း၊ တောင်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဟူ၍ ငါးခုဖြင့် ဖွဲ့စည်းထားရှိရမည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းစစ်ဌာနချုပ်တစ်ခုတွင် တပ်မဟာသုံးခု ဖွဲ့စည်းထားပြီး တပ်မဟာတစ်ခုစီတွင် ခြေလျင်တပ်ရင်း သုံးရင်း၊ အမြောက်တပ်ရင်း တစ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း တစ်ရင်းဖြင့် ဖွဲ့စည်းမည်ဟု ဆိုသည်။

အနိမ့်ဆုံး တပ်စိတ်တစ်ခုတွင် စစ်သည်အင်အား ၁၀ ယောက်ဖြင့် ဖွဲ့စည်းထားမည် ဆိုသဖြင့် ဤအချိုးအစားအတိုင်း တွက်ပါက စစ်ဌာနချုပ်တစ်ခုလျှင် စစ်သည်အင်အား ၄၈၆၀ ဦးရှိမည်ဖြစ်ရာ NUG တပ်မတော်တစ်ခုလုံး၏ စုစုပေါင်းအင်အားသည် ကွပ်ကဲ၊ ထောက်ပံ့၊ စီမံခန့်ခွဲရေးနှင့် အရန်အင်အားများ ထည့်မတွက်ဘဲ ၂၄၃၀၀ ခန့် ရှိမည်ဖြစ်သည်။

အခြားတစ်ဘက်တွင် မြန်မာစစ်တပ်၏ ပကတိအင်အားကို တွက်ချက်ရန် မဖြစ်နိုင်သော်လည်း အနီးစပ်ဆုံး ခန့်မှန်းခြေအားဖြင့် ကြည်း၊ ရေ၊ လေ သုံးခုပေါင်း အင်အား ၃ သိန်းခွဲခန့်ရှိမည်ဟု ယူဆရသည်။ ဤတွက်ချက်မှုတွင် ရဲတပ်ဖွဲ့ဝင်အင်အား ၈ သောင်း၊ ထောင်နှင့်ချီရှိနေသည့် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အင်အားများ မပါဝင်သေးပေ။

NUG-PDF သည် အင်အား ၂ သောင်ခွဲခန့် စုဆောင်းလေ့ကျင့်ပေးကောင်းပေးနိုင်မည်။ ထို့နောက်တွင် သူတို့ကို လက်နက်တပ်ဆင်ပေးပြီး တိုက်ပွဲများအတွင်း ရေရှည်ခံနိုင်ရည်ရှိအောင် ထိန်းကျောင်းဖို့ လိုအပ်မည်။ သို့သော် မေးစရာတစ်ခုရှိလာသည်မှာ PDF တွင် ဤသို့သော အောင်မြင်မှုများရလာအောင် စွမ်းဆောင်နိုင်မည့် ခေါင်းဆောင်မှုစွမ်းရည်ရှိသလားဟူသည့် မေးခွန်းဖြစ်သည်။

Myanmar Now သတင်းဌာန၏ ဖော်ပြချက်တစ်ခုအရဆိုလျှင် တပ်မတော်မှ ထွက်ပြေးတိမ်းရှောင်ပြီး CDM ပြုလုပ်သူစုစုပေါင်း ၈၀၀ ခန့်ရှိပြီး ၎င်းတို့အနက် ၇၅ ရာခိုင်နှုန်းခန့်သည် NUG-PDF နှင့် ပူးပေါင်းသွားသူများ သို့မဟုတ် ပူးပေါင်းရန် စီစဉ်ထားသူများဟုဆိုသည်။ ၎င်းတို့သည် NUG ၏ စစ်ရေးလေ့ကျင့်မှုအတွက် အထောက်အကူဖြစ်နိုင်သည်။ သို့သော် တပ်မတော် (မြန်မာစစ်တပ်) ကို ရင်ဆိုင်တိုက်ခိုက်ရန်အတွက်ဆိုလျှင် ပိုမိုဝါရင့်ပြီး အတွေ့အကြုံရှိသည့် ခေါင်းဆောင်မှုကို လိုအပ်မည်ဖြစ်သည်။

NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် (မောင်တင်သစ်) သည် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သလို ကဗျာဆရာတစ်ဦးလည်းဖြစ်သည်။ ၁၉၉၀ ကာလများတွင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းကျခံခဲ့ရသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ပြီး ၎င်း၏ပြိုင်ဘက် ဦးဝေလွင်ကို အနိုင်ရခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဦးဝေလွင်သည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

NLD ၏ အဖွဲ့ဝင်ဟောင်းဖြစ်သလို CRPH ၏ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သည့် ဦးရည်မွန်သည် ဝါစဉ်အရ ကြီးမြင့်သူ ဖြစ်ကောင်းဖြစ်မည်။ သို့သော်လည်း စစ်ရေးအတွေ့အကြုံမရှိသလို ကျန်းမာရေးလည်း အားနည်းသူဖြစ်သည်။

ဒုတိယကာကွယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးသည် ထင်ရှားသည့် ပညာရှင်တစ်ဦးဖြစ်သလို Myanmar Institute of Peace and Security Studies (MIPSS) ၏ ဒါရိုက်တာလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ လုံခြုံရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပသူအဖြစ် ထင်ရှားသည်။

ဒေါ်ခင်မမမျိုးသည်လည်း အခြားသော NUG ခေါင်းဆောင် အများအပြားကဲ့သို့ပင် ပြီးခဲ့သောနှစ်များအတွင်း ရိုဟင်ဂျာများအပေါ် လူမျိုးရေးအစွန်းရောက်သည့် မှတ်ချက်များပေးခဲ့ဖူးသူ ဖြစ်သည်။

တစ်ခုရှိသည်မှာ PDF ၏ ကံကြမ္မာသည် နိုင်ငံရေးအရ ဦးဆောင်သူများနှင့် တိုက်ရိုက်မသက်ဆိုင်ဘဲ အဖွဲ့၏ မြေပြင်ကွပ်ကဲရေး စွမ်းရည်အပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေသည်။

မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်တပ်ဖွဲ့ အများအပြားထူထောင်ရာတွင် PDF သည် မည်ကဲ့သို့သော ထောက်ပံ့ရေးဆိုင်ရာ အကန့်အသတ်များ ရင်ဆိုင်ရမည်နည်း။ PDF အနေဖြင့် ကျေးလက်သာမက မြို့ပြဧရိယာများတွင် မည်သည့်စစ်ဆင်ရေး နည်းလမ်းများဖြင့် အကောင်အထည်ဖော်မည်နည်း။ PDF တွင် အမျိုးသမီး စစ်သည်များကိုပါ လက်ခံမည်လား၊ သူတို့ကို တိုက်ပွဲဝင်ရန် ခွင့်ပြုမည်လား။

NUG-PDF သည် လက်ရှိ မြန်မာ့ပဋိပက္ခအပေါ် နှုတ်ဆိတ်နေသည့် အင်အားကြီး အေအေနှင့် ‘ဝ’ ကဲ့သို့ လက်နက်ကိုင်အုပ်စုများနှင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်မည်နည်း။ ဤမေးခွန်းများအား Asia Times သတင်းဌာနက NUG ၏ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးထံ စာရေးသားပေးပို့ မေးမြန်းခဲ့သော်လည်း ယခုဆောင်းပါးအား ပုံနှိပ်ဖော်ပြချိန်အထိ ပြန်လည်ဖြေကြားခြင်း မရှိပေ။

NUG သည် မည်သည့် စစ်ဆင်ရေး နည်းလမ်းကို ရွေးချယ်မည်နည်း။ မြို့ပေါ်ရှိ လူငယ်မျိုးဆက်များကို တောတွင်းတိုက်ပွဲများအတွက် သင်တန်းပေးမည်လား။ ABSDF အတွက်ကတော့ ဤနည်းလမ်းသည် အလုပ်မဖြစ်ခဲ့ပေ။ ABSDF အဖွဲ့ဝင်များသည် ငှက်ဖျားနှင့် အခြားရောဂါအမျိုးမျိုး ရင်ဆိုင်ခဲ့ရသလို စစ်ရေးမကျွမ်းကျင်မှု၊ အိမ်လွမ်းမှု၊ အဖွဲ့ဝင်အချင်းချင်း ပဋိပက္ခဖြစ်မှုများ ရင်ဆိုင်ခဲ့ရသည်။ ၁၉၉၂ ခုနှစ်တွင် ABSDF တပ်တွင်း တပ်မတော်သတင်းပေးဟု စွပ်စွဲကာ အချင်းချင်း နှိပ်စက်မှု ခံခဲ့ရသူ ၈၀ ကျော်ရှိခဲ့ပြီး ၎င်းတို့အနက် နှိပ်စက်ခံရမှုကြောင့် သေဆုံးသူ ၃၀ ရှိကာ ၁၅ ဦးမှာ တောကြီးမျက်မည်းထဲတွင် ကွပ်မျက်ခံခဲ့ရသည်။

သို့မဟုတ် NUG-PDF သည် မြန်မာနိုင်ငံတစ်ဝန်းရှိ PDF များအား ဖြည်းဖြည်းချင်း စုစည်းကာ ဖက်ဒရယ်တပ်မတော်အဖြစ် ထူထောင်ပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် မဟာမိတ်ဖွဲ့၍ အဓိကကျသည့် မြို့များကို တစ်မြို့ချင်း သိမ်းပိုက်ကာ တစ်ချိန်တည်းတွင် မြို့ပေါ်ရှိ စစ်တပ်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းလည်ပတ်မှုများကို ပစ်မှတ်ထား ဖျက်ဆီးခြင်းမျိုး လုပ်ဆောင်မည်လား။

ဤနည်းလမ်းကို မြန်မာနိုင်ငံတွင် မကျင့်သုံးသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။ ၁၉၅၀ ကျော်နှစ်များတွင် ကွန်မြူနစ်များ ကြိုးပမ်းခဲ့သလို ၁၉၉၁ ခုနှစ်တွင် ကေအန်ယူတို့ ကြိုးပမ်းခဲ့သည်။ အောင်မြင်မှု မရှိခဲ့ပေ။

ချင်းပြည်နယ် မင်းတပ်မှသည် ဧရာဝတီ၊ စစ်ကိုင်းနှင့် အခြားနေရာများ၌ ဒေသန္တရ အင်အားဖြင့် ဖွဲ့စည်းထားသည့် PDF အားလုံးသည် အမျိုးသားတပ်မတော်တစ်ရပ်ကို အောက်ခြေမှစ၍ ထူထောင်ရန် ကြိုးပမ်းနေသည့် NUG စင်ပြိုင်အစိုးရ အပေါ် သစ္စာခံမည်ဟု ကတိကဝတ် ပြုနိုင်ခြေလည်း မရှိလှပေ။

မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆယ်စုနှစ်များစွာကြာအောင် ခါးစီးခံခဲ့ရသည့် တိုင်းရင်းသားအသိုင်းအဝိုင်းသည် ဗမာတိုင်းရင်းသား ကြီးစိုးသည့် PDF ကို လက်ကမ်းကြိုဆိုဖွယ် မရှိပေ။

နုနယ်သည့်စီစဉ်ဆောင်ရွက်မှု၊ ကြီးမားသည့် စိန်ခေါ်မှုများ၊ သိသာသည့် အားနည်းချက်များ၊ စာအုပ်ကြီးသီအိုရီအပေါ် အခြေခံသည့် ကနဦးရုပ်ထွက်နှင့် လက်တွေ့ အလုပ်မဖြစ်သည့် စစ်သားအိပ်မက်များ ရှိနေလင့်ကစား NUG-PDF သည် တပ်မတော်၏ တရားမဝင် အာဏာသိမ်းမှုနှင့် လပေါင်းများစွာ အကြမ်းဖက်မှုများအပြီး နောက်ဆက်တွဲ ဖြစ်စဉ်များအနက် တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

NUG နှင့် PDF ကို အလေးမထားရေးသည် လူမှုရေးအရ လိုက်နာသင့်သည့် အယူအဆတစ်ရပ်ကဲ့သို့ ဖြစ်လာနေသည်။ သို့သော် ဤအမြင်သည် စောလွန်းနေသလား။

လက်ရှိ မြန်မာ့နိုင်ငံရေးသည် ခန့်မှန်းတွက်ချက်၍ ရနိုင်သည့် အနေအထားထက် ကျော်လွန်နေသည်။ ဆီးရီးယားနှင့် နှိုင်းယှဉ် သုံးသပ်နေကြသည့် လူတတ်ကြီးများကြောင့်လည်း လက်ရှိ အဖြစ်အပျက်များကို ဂရုစိုက်နိုင်မှု အားနည်းနေရသည်။ မြန်မာ၏ ပုံစံသည် အခြားသော ပဋိပက္ခများကဲ့သို့ ဖြစ်လာမည်မဟုတ်ပေ။ မြန်မာ့အရေး၏ ပိုမိုရှုပ်ထွေး ကြမ်းတမ်းသည့် ပုံစံတစ်ရပ်အဖြစ် မြင်လာရမည်။

NUG နှင့် သူ၏လက်နက်ကိုင်အဖွဲ့သည် တရားဝင်အသိအမှတ်ပြုမှု ရရှိရေး၊ သယံဇာတအရေးနှင့် လွှမ်းမိုးခြယ်လှယ်ရေးအတွက် ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်နေကြသည့် မြင်ကွင်းကျယ်ကြီးရှိ ဇာတ်ကောင်များအနက် တစ်ဦးဖြစ်လာမည်။ မြန်မာပြည်သူအများစု၏ အမြင်တွင် တရားဝင်မှု အားလုံးနီးပါး ဆုံးရှုံးသွားရပြီဖြစ်သည့် တပ်မတော်ကို NUG က မည်ကဲ့သို့ ရင်ဆိုင်မည်ဟူသည်မှာလည်း မည်သူ့ခန်းမှန်းချက်ကိုမဆို ထည့်သွင်းစဉ်းစားရမည့်အခြေအနေ ဖြစ်နေပေသည်။

(Asia Times တွင် ဖော်ပြထားသည့် ဆောင်းပါရှင် David Scott Mathieson ၏ Myanmar people’s army aims wishfully at Tatmadaw ကို ဆီလျော်သလို ကောက်နုတ်ဘာသာပြန်ပါသည်။)

ပုံစာ - လက်လုပ်သေနတ်များပြုလုပ်နေသည့် PDF တပ်ဖွဲ့ဝင်တစ်ဦးအား ကယားပြည်နယ် ဒီမောဆိုးမြို့အနီးတွင် ၂၀၂၁ ခုနှစ် ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - STR/AFP)

 
 

 

 

April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...