“ကိုဗစ်” ကို မပေါ့ဆပါနဲ့

“ကိုဗစ်” ကို မပေါ့ဆပါနဲ့

တစ်ကမ္ဘာလုံးကလူသားတွေရဲ့ ကျန်းမာရေးကိုခြိမ်းခြောက်လာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ခေါ် ကိုဗစ်ပိုးဟာ အခုဆိုရင် မျိုးဗီဇ ၃ မျိုးအထိ ပြောင်းလာပါပြီ။ အဲဒီအမျိုးအစားတွေက UK နိုင်ငံမှာဖြစ်ပွားနေတဲ့ Alpha ပိုး၊ အိန္ဒိယနိုင်ငံမှာကူးစက်နေတဲ့ Delta နဲ့ Keppa မျိုးဗီဇပိုးတွေဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာ မျိုးရိုးဗီဇပြောင်းလဲတဲ့ပိုးတွေ့ရှိသူ ၁၁ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန် ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Alpha ပိုး ကူးစက်ခံရသူ ၂ ဦး၊ Delta ပိုး ကူးစက်ခံရသူ ၅ ဦးနဲ့ Keppa ပိုးကူးစက်ခံရသူ ၄ ဦး တွေ့ရှိထားတာဖြစ်ပြီး၊ ဇွန်လ ၁၄ ကနေ ဇွန်လ ၁၅ ရက်နေ့အထိ ၃,၁၉၉ ခုကို စစ်ဆေးရာမှာ ပိုးတွေ့လူနာအသစ် ၂၂၅ ဦး တွေ့ရှိထားတယ်လို့လည်း သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း Alpha နဲ့ Delta တို့ဟာ ရောဂါပိုးကူးစက်နိုင်မှုနဲ့ ထပ်မံကူးစက်ပျံ့နှံ့မှု ပိုမိုမြင့်မားကြောင်း၊ ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်နိုင်ခြေနဲ့ သေဆုံးနိုင်ခြေလည်း မြင့်တက်လာနိုင်ကြောင်း သုံးသပ်ထားပါတယ်။

ကိုဗစ်ကာကွယ်ဆေး ဖန်တီးပေါ်ပေါက်နေပြီဆိုပေမဲ့ အမေရိကန်လို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် လူတိုင်းထိုးနှံနိုင်မှုမရှိသေးတဲ့အပြင် လက်ရှိကာကွယ်ဆေးက မျိုးဗီဇပြောင်းပိုးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါ့မလားဆိုတာလည်း စိုးရိမ်လာရတဲ့ အနေအထားပါ။

ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုတွေကို မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက စတင်လုပ်ဆောင်လာတာဖြစ်ပြီး အိန္ဒိယနိုင်ငံထုတ် Covishield ကာကွယ်ဆေးကို ထိုးနှံပေးနေတာပါ။ ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုကတော့ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးတဲ့ မန္တလေးတိုင်းဒေသကြီး, မန္တလေးမြို့က အမျိုးသားတစ်ယောက်မှာ ကိုဗစ်ပိုး ထပ်မံကူးစက်မှု တွေ့ရှိရတာပါ။ ဒါကြောင့် ကာကွယ်ဆေးထိုးနှံပြီးပြီဆိုပေမဲ့ ကိုဗစ်ဆိုင်ရာ စည်းကမ်းချက်တွေကို ဆက်လက်လိုက်နာရမယ်ဆိုတာ သတိပေးလိုက်တာပါပဲ။ တစ်ဖက်ကလည်း ကိုဗစ်တတိယလှိုင်း မြန်မာနိုင်ငံမှာ စတင်လာမှာကိုလည်း စိုးရိမ်မှုတွေရှိနေပါတယ်။

အာရှနိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယ၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေမှာလည်း ကိုဗစ်အတည်ပြု လူနာတွေ များပြားလာသလို အာဖရိကတိုက်က နိုင်ငံတွေမှာလည်း ကိုဗစ်ကူးစက်ခံရတဲ့ လူနာတွေ များပြားလာနေတာပါ။ ဇွန် ၁၂ ရက်နေ့အထိ အာဖရိကတိုက်တဝှမ်းမှာ ကိုဗစ်ကူးစက်လူနာ ၅ သန်းဝန်းကျင် အထိ ရှိတယ် လို့ သိရပါတယ်။ အာဖရိကတိုက်မှာ ကူးစက်မှု အများဆုံး နိုင်ငံတွေကတော့ အီဂျစ်၊ တောင်အာဖရိက၊ တူနီးရှား၊ ယူဂန်ဒါနဲ့ ဇမ်ဘီယာ စတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။ အာဖရိကတိုက်က ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကိုဗစ်ကာကွယ်ဆေး တန်းတူးရရှိပါ့မလား ဆိုတာလည်း မေးခွန်းထုတ်စရာတစ်ခု ဖြစ်နေပါသေးတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အာဖရိကတိုက်ရဲ့ တချို့နိုင်ငံတွေမှာ ကာကွယ်ဆေးထိုးနှံမှုဟာ ၂ ဒသမ ၈၇ ရာခိုင်နှုန်းသာ ရှိနေပါတယ်။ ကိုဗစ်ကာကွယ်ဆေးကို ချမ်းသာတဲ့ နိုင်ငံအများစုက ရယူထားတာကြောင့် ဆင်းရဲတဲ့နိုင်ငံတွေဆီလည်း ကာကွယ်ဆေးမျှဝေပေးသင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

ကိုဗစ်ပိုးကူးစက်မှု များပြားလာနေတဲ့ ကျမတို့မြန်မာနိုင်ငံမှာလည်း ချင်းပြည်နယ်ထဲက မြို့နယ်အများအပြား ပါဝင်နေတာတွေ့ရပြီး တီးတိန်၊ ဖလမ်း၊ ထန်တလန်နဲ့ ဟားခါးမြို့နယ်တွေကို Stay at Home (နေအိမ်တွင် နေထိုင်ရေး) အစီအစဉ်မှာ အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်းကြီးဌာနက ဇွန် ၄ ရက်နေ့က ကြေညာခဲ့ပါတယ်။ ချင်းပြည်နယ်ဟာ ဆင်းရဲတဲ့ပြည်နယ်တစ်ခုဖြစ်တဲ့အတွက် ကိုဗစ်ကူးစက်မှုက ကျန်းမာရေးဆိုင်ရာမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာမှာ စိတ်ပူစရာပါ။

ချင်းပြည်နယ်အတွင်း ကိုဗစ်ကူးစက်ခံရမှုကို လေ့လာကြည့်ရင် – ဖလမ်းမြို့မှာ ဇွန် ၁၃ ရက်နေ့က ကိုဗစ်လူနာ ၁ ဦး ထပ်မံကွယ်လွန်ခဲ့တဲ့ အတွက် ကိုဗစ်နဲ့ကွယ်လွန်သူ ၃ ဦးရှိသွားပြီး ကိုဗစ်ပိုးကူးစက်ခံရသူ ၉၀ ဝန်းကျင်ထိ ရှိလာနေပါတယ်။ ဇွန် ၁၅ ရက်နေ့ တစ်ရက်တည်းမှာပဲ ကိုဗစ်အတည်ပြုလူနာ ၁၁ ယောက် ထပ်မံတွေ့ရှိရပါတယ်။

ချင်းပြည်နယ်အတွင်း ဇွန် ၁၂ ရက်နေ့အထိ ကိုဗစ်ပိုးကူးစက်မှုကိုကြည့်ရင် ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ ပလက်ဝမြို့နယ်တွေမှာ ကိုဗစ်အတည်ပြု လူနာ များပြားလာတာတွေ့ရပြီး တွန်းဇံမြိုနယ်မှာ ကူးစက်မှုအများဆုံးဆိုတာ တွေ့ရပါတယ်။ တွန်းဇံမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာပေါင်း ၃၄၀ ကျော်ထိရှိတယ်လို့လည်း သိရပါတယ်။ ပလက်ဝမြို့နယ်မှာ ကိုဗစ်ကူးစက်မှုတွေ ရှိလာနေတဲ့အတွက် မြို့နယ်ထဲက အခြေခံပညာကျောင်းတွေကို ဇွန် ၉ ရက်နေ့က စ,ပြီး ယာယီပိတ်ထားပါတယ်။ ဒါအပြင် Stay at Home (နေအိမ်တွင် နေထိုင်ရေး) အစီအစဉ်မှာ အကျုံးဝင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးက တမူး၊ ကလေးမြို့နယ်တွေနဲ့ ချင်းပြည်နယ်က တွန်းဇံ၊ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်မြို့နယ်တွေရှိ စာသင်ကျောင်းတွေကိုလည်း ဇွန် ၇ ရက်နေ့ကစပြီး ယာယီပိတ်ထားပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်အတည်ပြုလူနာ ပြန်လည်မြင့်တက်လာနေပြီး ဇွန် ၈ ရက်နေ့မှာ ၁၂၃ ယောက်၊ ဇွန် ၉ ရက်နေ့မှာ ၁၃၆ ယောက်၊ ဇွန် ၁၀ ရက်နေ့မှာ ၁၆၁ ယောက်၊ ဇွန် ၁၁ ရက်နေ့မှာ ၁၈၈ ယောက်၊ ဇွန် ၁၂ ရက်နေ့မှာ ၁၆၆ ယောက်၊ ဇွန် ၁၃ ရက်နေ့မှာ ၃၇၃ ယောက်၊ ဇွန် ၁၄ ရက်နေ့မှာ ၂၂၃ ယောက်ထိရှိတာ တွေ့ရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာဆိုရင် ကိုဗစ်ကူးစက်ခံရမှုနဲ့ သေဆုံးမှုတွေ တိုးလာနေပါတယ်။ ဇွန် ၁၀ ရက်နေ့ ၁ ရက်တည်းမှာပဲ ကိုဗစ်ကြောင့် သေဆုံးရသူ ၁၀ ယောက်အထိရှိခဲ့ကြောင်းနဲ့ ဇွန် ၁၄ ရက်နေ့အထိ သေဆုံးရသူ ၃၀ ထိရှိလာတဲ့အတွက် အထူးသတိပြုရမယ့် အခြေအနေလည်းဖြစ်ပါတယ်။

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဟာ အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေလို့ နယ်စပ်ဖြတ် ကူးလူးဆက်ဆံသွားလာမှုတွေကနေ ရောဂါပိုးကူးစက်ဖို့ အခြေအနေ ပိုများတာလို့ဆိုရမှာပါ။ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်မှာဆိုရင် ကိုဗစ်အတည်ပြုလူနာ ၁၀၀ ဝန်းကျင်ထိတွေ့ရှိရပြီး ကိုဗစ်ကြောင့် ၁ ယောက်သေဆုံးခဲ့ရပါတယ်။ ဒါကြောင့် လက်ပံတန်းမြို့နယ်ထဲက စာသင်ကျောင်းတွေကိုလည်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာလည်း ကိုဗစ်ပိုးကူးစက်လူနာတွေ့ရှိမှု များပြားလာတဲ့အတွက် ကွာရန်တင်းစင်တာတွေ တိုးချဲ့ဖို့ ပြင်ဆင်နေတာလည်း တွေ့ရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန, ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူးက ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၂ မြို့နယ်မှာ ကွာရန်တင်းစင်တာတွေ ထားရှိသွားဖို့ ပြင်ဆင်နေကြောင်း VOA သတင်းဌာနကို ပြောကြားထားပါတယ်။ လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီးက ကိုဗစ်လူနာတွေကို ဖောင်ကြီးမှာ ကုသပေးနေတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မှာလည်း ကိုဗစ်အတည်ပြုလူနာတွေ တွေ့ရှိလာရသလို လားရှိုးမြို့မှာ ဇွန် ၈ ရက်နေ့က ၁၁ ရက်အတွင်း ကိုဗစ်ကူးစက်ခံရသူ လူနာ ၃၀ ဝန်းကျင်အထိ ရှိပါတယ်။ တစ်နေ့ထက်တစ်နေ့ ကူးစက်ခံရမှု များပြားလာနေတာနဲ့အတူ ကိုဗစ်တတိယလှိုင်း ဖြစ်လာမှာကိုပါ စိုးရိမ်နေရပါတယ်။

ကိုဗစ်ဒုတိယလှိုင်းမှာ တစ်နိုင်ငံလုံးရှိ ပြည်သူအားလုံးရဲ့ စီးပွားရေးနဲ့ လူမှုဘဝထိခိုက်မှုတွေ အများကြီးရှိခဲ့တာ‌ကြောင့် ကိုဗစ်တတိယလှိုင်း ဖြစ်မလာအောင် ကြိုတင်ကာကွယ်ရမှာပါ။ အပြင်ထွက်တိုင်း နှာခေါင်းစည်းကို မဖြစ်မနေတပ်ဖို့ လိုအပ်သလို လက်ဆေးတာတွေ၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်တာတွေ စတဲ့ ကိုဗစ်စည်းကမ်းချက်တွေကို လေးလေးနက်နက် လိုက်နာသွားဖို့လိုပါတယ်။ တစ်ဦးတစ်ယောက်ရဲ့ ပေါ့ဆမှုကနေ လူအများကို အလျင်အမြန်ကူးစက်နိုင်တဲ့ ကိုဗစ်ကို လုံးဝမပေါ့ဆဘဲ စည်းကမ်းကမ်းတကျ လိုက်နာနေထိုင်ကြဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

 
 

 

 

ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...