ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပျော်သာယာကျေးရွာတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဝင်းရေးမြို့နယ် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) က ဖွင့်လှစ်ထားသော ကရင်အထက်တန်းစာသင်ကျောင်းတွင် ယခုနှစ် ကျောင်းသားဦးရေများလာသည့်အတွက် စာသင်ဆောင်နှင့် သင်ထောက်ကူပစ္စည်းများ လိုအပ်နေသည်ဟု ကျောင်းတာဝန်ရှိသူထံမှ သိရသည်။
“ဒီနှစ်က ကျောင်းသား ၂ဝဝ ကျော်ရှိလာတယ်။ အစိုးရကျောင်းတွေမှာ မတက်ရဲကြလို့လား၊ ပိတ်ထားတာလား မသိဘူးပေါ့နော်။ ဒီမှာလာစုပြီးတက်တော့ အိပ်ဆောင်တွေ၊ စာသင်ဆောင်တွေ ပုံနှိပ်စာအုပ်တွေ မလောက်ငှဘူးဖြစ်သွားတယ်။ ကျောင်းသားလေးငါးဦးကို ပုံနှိပ်စာတစ်အုပ်ထဲ စုကြည့်နေရတယ်။ စာသင်ခန်းက ကျဉ်းနေတော့ သင်ကြားရေး အခက်ခဲရှိတယ်” ဟု ပျော်သာယာအထက်တန်းကျောင်းအုပ် နော်အဲ့သာသောက ဇွန်လ (၁၄)ရက် ယမန်နေ့က ကေအိုင်စီသို့ပြောသည်။
ကျောင်းအိပ်ဆောင်နှင့် အဆောက်အဦးမလုံလောက်မှုကြောင့် နယ်ဝေးမှ လာရောက်ကျောင်းတက်သူများ ကျေးရွာရှိ အသိအိမ်များတွင် တည်းခိုနေထိုင်ကြပြီး ကျောင်းသားဦးရေ များလာသည့်အတွက် ဆရာ/ဆရာမ လိုအပ်ချက်များလည်းရှိသည်ဟု ကျောင်းတာဝန်ခံက ပြောသည်။
ဒဿမတန်းကျောင်းသူ နော်ကော်သယုဖောက “အစိုးရကျောင်းမှာလည်း တက်ခဲ့ဖူးတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကရင်ကျောင်းဘက်ကို ခု ပြောင်းတက်ဖြစ်တယ်။ ဒီမှာက ဘာသာရပ် ၈ ခု ပို့ချပေးတယ်။ ကရင်စာပေရော၊ သမိုင်းရောပါတယ်။ အောင်ရင်တော့ ကရင်ဘက်ခြမ်းမှာ ဖွင့်ထားတဲ့ တက္ကသိုလ်ကျောင်းဆက်တက်မယ်။ ကိုယ့်ကရင်ပြည်နယ်အတွက် ဖွံ့ဖြိုးတိုးတက်အောင် ပြန်လုပ်စေချင်တယ်” ဟု ပြောသည်။
ကေအဲန်ယူ ဝင်းရေးမြို့နယ် ပညာရေးနှင့်ယဉ်ကျေးမှုဌာနက ဖွင့်လှစ်ထားသည့် အဆိုပါ ပျော်သာယာ ကရင်အထက်တန်းကျောင်းသည် သူငယ်တန်းမှ ဒဿမတန်းအထိ သင်ကြားပေးလျက်ရှိပြီး ဒေသအတွင်းရှိ ဌာနေတိုင်းရင်းသားတို့၏ မှီခိုအားထားရာကျောင်းလည်းဖြစ်သည်ဟု ကျောင်းသားမိဘများထံမှ သိရသည်။







