ဝါးခယ်မမြို့နယ်အတွင်း စစ်ကောင်စီမှ ကျေးရွာအတွင်း လူသစ်စုဆောင်းမှုများ ပြုလုပ်နေ

ဝါးခယ်မမြို့နယ်အတွင်း စစ်ကောင်စီမှ ကျေးရွာအတွင်း လူသစ်စုဆောင်းမှုများ ပြုလုပ်နေ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီမှ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခေါ်ယူ၍ ကျေးရွာအတွင်းရှိ လူငယ်အမျိုးသားများကို ခေါ်ယူစုဆောင်းခိုင်းနေကြောင်း ဒေသခံကျေးရွာသားများထံမှ သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ကျေးရွာရာအိမ်မှူးများက ကျေးရွာအတွင်း အစည်းအဝေးခေါ်ယူ၍ အသက် ၁၈ နှစ် နှင့် ၃၅ နှစ်ဝန်းကျင် အမျိုးသားများကို တစ်ရွာလျှင် ၅ ယောက်စီခန့် စစ်ကောင်စီ၏ လူသစ်စုဆောင်းမှုတွင် သွားရမည်ဖြစ်ပြီး မသွားလိုလျှင်လည်း ငွေကြေး ထောက်ပံ့ပေးရမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက “မနေ့က ရွာထဲက ရာအိမ်မှူးက အစည်းအဝေးခေါ်တယ်။ စစ်တပ်ကခေါ်တယ်တဲ့ လူလေးငါးယောက်လောက် သွားရမယ်တဲ့။ မသွားလည်းရတယ်ပေါ့။ တကယ်လို့ မသွားချင်ရင် သူတို့ခေါ်ထားတဲ့ လူတွေရှိတယ်။ အဲ့လူတွေအတွက် တစ်အိမ်ထောင်ကို ငါးထောင်၊ တစ်သောင်း ပိုက်ဆံထောက်ပံ့ရတယ်။ ရွာကလူတွေက မသွားချင်ကြတော့ မဲနှိုက်ခိုင်းပြီး သွားခိုင်းတာ” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ စစ်ကောင်စီမှ လူသစ်စုဆောင်းခိုင်းရာတွင် ပြည်သူ့စစ်အဖြစ် အမှုထမ်းရမည်ဟု ကြားသိရသလို ပေါ်တာဆွဲသည့် ပုံစံမျိုးလည်းဖြစ်နေကြောင်း ၎င်းဒေသခံက ဆက်လက်ပြောဆိုပြီး ၎င်းကျေးရွာအနေဖြင့် တစ်ဦးတစ်ယောက်မျှ မသွားချင်ကြဘဲ ငွေကြေးထောက်ပံ့မှုမျိုးသာ လုပ်ဆောင်ပေးရန် အများစု ဆန္ဒရှိကြသည်ဟု ဆက်ပြောသည်။

၎င်းလူသစ်စုဆောင်းမှုမျိုးကို လက်ရှိ ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာအတော်အများတွင် လုပ်ဆောင်နေပြီး မည်သည့် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့မှ ခေါ်ယူစုဆောင်းနေကြောင်း ဒေသခံကျေးရွာသားများမှ မသိရှိကြသလို ယခုလို လူသစ်စုဆောင်းခေါ်ယူမှုအပေါ်တွင်လည်း စိုးရိမ်မှုများရှိနေကြသည်ဟု ဒေသခံများက ဆိုသည်။

ယခုလူသစ် စုဆောင်းခေါ်ယူမှုခံရသည့် ကျေးရွာအများစုမှာ ဝါးခယ်မမြို့နယ်အတွင်းရှိ ကရင်ကျေးရွာအများစုတွင် ဖြစ်ပေါ်နေပြီး ၎င်းလုပ်ရပ်များအပေါ် ကရင်လူငယ်များအနေဖြင့် အထူးသတိထားကြရန်နှင့် အပြင်းအထန် ရှုတ်ချကြောင်းလည်း ဧရာဝတီကရင်လူငယ်ဦးဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

“အခုလို ဖြစ်ပေါ်မှုတွေက ကရင်ကျေးရွာတွေကို ပစ်မှတ်ထား လူစုနေတာကို ကျနော်တို့ မြစ်ဝကျွန်းပေါ်ဒေသမှာရှိတဲ့ ကရင်လူထုတွေ၊ လူငယ်တွေအနေနဲ့ အထူးသတိထားဖို့လိုတယ်။ ကျနော်တို့ ကော်မတီအနေနဲ့ကလည်း အကြမ်းဖက်စစ်ကောင်စီကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ မြစ်ဝကျွန်းပေါ်မှာရှိတဲ့ ကရင်လူထုတွေကို တိုက်တွန်းထားပြီးဖြစ်သလို အခုလို စုဆောင်းရေးလုပ်ဆောင်မှုကိုလည်း လုံးဝရှုတ်ချတယ်” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် လက်ရှိအခြေအနေအပေါ် စောင့်ကြည့်လေ့လာပြီး ယခုထက် အခြေအနေဆိုးဝါးမှုများ ဖြစ်ပေါ်လာပါက ကရင်လူထုများအနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်သွားရန် ပြင်ဆင်သင့်ကြောင်းနှင့် စစ်ကောင်စီ၏ ယခုလုပ်ဆောင်သည့် စုဆောင်းရေးအပြင် ၎င်းတို့၏ အုပ်ချုပ်ရေးကိစ္စရပ်များတွင် လုံးဝ ပါဝင်လုပ်ဆောင်ခြင်းမျိုးမပြုရန်လည်း ၎င်းက ဆက်လက်တိုက်တွန်းပြောဆိုခဲ့သည်။

လတ်တလောအချိန်ထိ စစ်ကောင်စီ၏ လူသစ်စုဆောင်းမှုမျိုးကို ဧရာဝတီတိုင်းဒေသအတွင်း ဝါးခယ်မမြို့နယ်အတွင်းသာ ဖြစ်ပေါ်နေကြောင်း ကြားသိရသေးပြီး ကျန်မြို့နယ်ဒေသများတွင် အလားတူ စုဆောင်းမှုမျိုး မကြားသိရသေးကြောင်း ဒေသခံများထံမှ သိရသည်။

 
 

 

 

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...