စစ်ကောင်စီ၏ သတင်းစာတွင် ဇွန်လ ၁၃ ရက်နေ့က ဖော်ပြထားသည့် ဝေါ်လေဒေသ တံတားစီမံကိန်းလုပ်သားအချို့ သတ်ဖြတ်ခံရမှုတွင် သေဆုံးသွားသူများမှာ အရပ်သားများမဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြပြီး ဒေသတွင်း စုံစမ်းထောက်လှမ်းမှုများ လုပ်ဆောင်သည့်အတွက်ကြောင့်ဖြစ်သည်ဟု ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) စစ်ဦးစီးချုပ်က ပြောဆိုသည်။
မေလ ၃၁ ရက်နေ့က မြဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဝေါ်လေမြို့၊ ကနဲလေး-မော်ခီးသွား ကားလမ်းပေါ်ရှိ အူးဟူချောင်းတံတားတည်ဆောက်ရေးလုပ်ငန်းတွင် အပြစ်မဲ့အလုပ်သမား ၂၅ ဦးကို KNDO က သတ်ဖြတ်ခဲ့သည်ဆိုပြီး စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အပေါ် ကေအိုင်စီ၏ မေးမြန်းချက်ကို KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ယခုလို ပြန်လည်ရှင်းလင်းပြောဆိုခြင်းဖြစ်သည်။
“သေဆုံးသူအားလုံးက အရပ်သားလို့ သူတို့ပြောတာ အမှန်က အရပ်သားမဟုတ်ဘူး။ အားလုံး စစ်သားတွေချည်းပဲ။ သူများဝင်ရှုပ်လို့မရအောင် မိသားစုတွေနဲ့ သူတို့လွှတ်တာ။ ဒီအချိန်မှာ လမ်းမလုပ်နဲ့ပြောတယ်။ ဘယ်သူလုပ်ခိုင်းတာလဲမေးတော့ အပေါ်ကခိုင်းတာလို့ပြောတယ်။ တို့တွေ အဝင်/အထွက်ကို သူတို့သတင်းယူပြီးပို့တယ်။ သူတို့တွေကိုမဖမ်းရင် ကျနော်တို့လုံခြုံရေးအတွက် အဆင်မပြေတော့ဘူး။ အမှန်တော့ သူတို့ကို ဘာမှမလုပ်ချင်ဘူး။ ဒါပေမယ့် စစ်တပ်ဘက်က အချိန်တိုအတွင်းမှာ ကျနော်တို့ကို လာတိုက်ခိုက်တယ်။ ဖမ်းထားချိန်မှာ သူတို့လှမ်းပစ်ခတ်တယ်။ သူတို့လူတွေ ထိတာလည်းရှိတယ်။ သူတို့ကလေးတွေကိုတောင် လုံခြုံအောင် ပြန်ထားပေးရတယ်” ဟု KNDO စစ်ဦးစီးချုပ်က ဇွန်လ ၁၄ ရက်နေ့တွင် ကေအိုင်စီသို့ပြောသည်။
လတ်တလောတွင် ဒေသတည်ငြိမ်အေးချမ်းမှု မရှိသည့်အတွက် ၎င်းဒေသ၌ ဖွံ့ဖြိုးရေးလုပ်ငန်း ဝင်ရောက်လုပ်ကိုင်ခြင်းမပြုလုပ်ရန် KNDO ဘက်မှ မကြာခဏ သွားရောက်သတိပေးပြောဆိုသော်လည်း စစ်ကောင်စီဘက်မှ ဆောက်လုပ်ရေးလုပ်သားအသွင်ဖြင့် နယ်မြေစိုးမိုးမှုနှင့် ဒေသအတွင်းရှိ သတင်းအချက်အလက်များ ပို့ဆောင်ရန်အတွက် စေလွှတ်ခြင်းကို စစ်ဆေးတွေ့ရှိရကြောင်း KNDO ဘက်က ပြောဆိုသည်။
ယင်းသို့ ဖမ်းဆီးစစ်ဆေးရာ၌ ဖမ်းဆီးခံရသူများနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဝတ်စုံများ၊ ရင်ထိုးတံဆိပ်များ၊ စစ်ကောင်စီအမှတ်အသား ရာထူးတံဆိပ်များ၊ အလံများနှင့် သတင်းပေးပို့သည့် တယ်လီဖုန်းများကိုပါ KNDO ဘက်မှ သိမ်းဆည်းရမိခဲ့သည်။
ထို့အပြင် တံတားဆောက်လုပ်သူများသည် စစ်ကောင်စီမှ စေလွှတ်ထားသည့် စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များဖြစ်ပြီး ထိုသူများနှင့် မိသားစုဝင်များကို ဖမ်းဆီးခေါ်ဆောင်သွားသည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်မှ KNDO ဌာနရှိရာနေရာသို့ လက်နက်ကြီးများနှင့် ဆက်တိုက်ပစ်ခတ်သည့်အပြင် BGF တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ၎င်းတို့ဌာနနေရာကို လာရောက်တိုက်ခိုက်ခြင်းလည်းရှိသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
“သူတို့လူတွေကို ဖမ်းသွားတဲ့အချိန်မှာ ပြန်အကြောင်းကြားပြီး အေးအေးဆေးဆေး လာဖြေရှင်းရင်ရတယ်။ ဘာမှမဖြစ်ဘူး။ ကျနော်တို့ဖမ်းထားတာ အပြစ်မဲ့လူထုတွေပဲဆိုပြီး အဲလိုလာမပြောဘဲ အခုက အဲဒီလူတွေကိုဖမ်းထားပြီး စစ်ဆေးမေးမြန်းတောင် မအားဘူး။ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ တစ်ရက်နှစ်ရက် ဆက်တိုက်လာပစ်တော့ ဘယ်လိုမှ လုပ်လို့မရတော့ဘူး” ဟု ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ပြောသည်။
KNDO က ဖမ်းဆီးခေါ်ဆောင်ထားကာ စစ်ဆေးချိန်တွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် အဖမ်းခံရသူထဲမှ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ကျန်သူများ၊ အမျိုးသမီး၊ ကလေးငယ်များကို ပြန်လွှတ်ပေးလိုက်သည့်အပြင် စစ်ကောင်စီနှင့် အပြန်အလှန် ပစ်ခတ်မှုတွင် KNDO ဘက်မှလည်း ထိခိုက်ကျဆုံးမှုရှိသည်ဟု ပြောသည်။
သို့သော် စစ်ကောင်စီ၏သတင်းတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန်အတွက် နယ်မြေခံတပ်မှ တာဝန်ယူဆောက်လုပ်လျက်ရှိသည့် ဝေါလေမြို့၊ ကနဲလေးကျေးရွာအနီး ကနဲလေး-မော်ခီးသွားကားလမ်းပေါ်ရှိ အူးဟူချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် အပြစ်မဲ့အရပ်သား အလုပ်သမား ၄၇ ဦးအား မေ ၃၁ ရက်တွင် KNDO အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ စောပါဝါးဦးစီးသည့်အဖွဲ့က အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်ပြီး အချို့အား ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ထို့နောက် ဇွန်လ ၁ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် KNDO က ဖမ်းဆီးခေါ်ဆောင်ခံရသူများထဲမှ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၆ ဦး၊ ကလေးငယ် ၁၀ ဦး၊ စုစုပေါင်း ၂၂ ဦး ပြန်လည်လွတ်မြောက်လာခဲ့သလို သေဆုံးသူ ၂၅ ဦး၏အလောင်း ပြန်လည်တွေ့ရှိသည့်အတွက် အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်မှုကြောင့် တပ်မတော်စစ်ကြောင်းများမှ လိုက်လံရှာဖွေ ဖော်ထုတ်ချေမှုန်းနိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း စစ်ကောင်စီပိုင် သတင်းဌာန၏ ထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။
မြ၀တီခရိုင်၊ ဝေါ်လေဒေသသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေထဲတွင် တည်ရှိသည့်အပေါ် ကေအဲန်ယူ ဒူးပလာယာခရိုင် တာဝန်ရှိသူတစ်ဦးက “ဒါက တပ်ကိစ္စမို့လို့ တပ်မဟာကိုတော့ အချက်အလက် စုဆောင်းခိုင်းထားပြီး GHQ (စစ်ဌာနချုပ်) နဲ့ GOC (စစ်ဦးစီးချုပ်) ထံကို တင်ပြထားခိုင်းတယ်။ ထိုနည်းတူ ကျနော်တို့ခရိုင်အနေနဲ့လည်း ဗဟိုကို တင်ပြထားတာရှိပါတယ်” ဟု ကေအိုင်စီသို့ပြောသည်။
ကေအဲန်ယူတွင် ဌာန ၁၄ ခုရှိသည့်အနက် တပ်ဖက်ဆိုင်ရာအားဖြင့် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်အပြင် KNDO-ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်မှာလည်း ကေအဲန်ယူ၏ တပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဗဟိုနှင့် ခရိုင်တာဝန်ရှိသူများကလည်း စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျှက်ရှိကြောင်း သိရှိရသည်။







