ကော်သူးလေပြည်ကြီးရရှိရန်အတွက် ဆက်လက်တိုက်ပွဲဝင်ကြရန် KNU တိုက်တွန်း

ကော်သူးလေပြည်ကြီးရရှိရန်အတွက် ဆက်လက်တိုက်ပွဲဝင်ကြရန် KNU တိုက်တွန်း

ကော်သူးလေပြည်ကြီးရရှိရန်အတွက် ဆက်လက်တိုက်ပွဲဝင်ကြရန် ယနေ့ကျရောက်သည့် (၇၂) ကြိမ်မြောက် ကော်သူးလေနေ့အခမ်းအနားတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တွဲဖက်အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက တိုက်တွန်းပြောကြားသွားသည်။



ဖားအံခရိုင် လေးဝါးတွင် ယနေ့ကျင်းပပြုလုပ်သည့် (၇၂) ကြိမ်မြောက် ကော်သူးလေနေ့အခမ်းအနားတွင် ပဒိုစောလှထွန်းက ယခုလို တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။



၎င်းက "ဒီကနေ့ အခမ်းအနားအစီအစဉ်အတိုင်း ခေါင်းဆောင်ကြီးတွေ ပြောကြားသွားမယ့် ကော်သူးလေနေ့ အကြောင်းအရာတွေကို သိရှိထားပြီးသားခေါင်းဆောင်ကြီးတွေရှိသလို နောင်လာနောက်သား တာဝန်ယူကြတဲ့ မျိုးဆက်သစ်လူငယ်တွေလည်း ဘာကြောင့် ဒီကော်သူးလေနေ့ (သို့မဟုတ်) ကော်သူးလေဆိုတဲ့ တိုင်းပြည်ကြီးကို တည်ဆောက်ချင်ကြသလဲဆိုတာကို သိရှိကြရမှာဖြစ်ပါတယ်။ ကျနော်တို့အားလုံးမှာ အခုရှိနေတဲ့ အမျိုးသားရေးအသိ အမျိုးသားရေးတာဝန် ကော်သူးလေတည်ဆောက်ချင်တဲ့ ဆန္ဒတွေအားလုံးက တစည်းတလုံးတည်း ဆက်လက်တိုက်ပွဲဝင်ရန် အားပေးတိုက်တွန်းချင်ပါတယ်" ဟု ပြောသည်။



နံနက် (၈) နာရီတွင် စတင်ကျင်းပသည့် ယနေ့အခမ်းအနားသို့ KNU ခေါင်းဆောင်အချို့နှင့် ကရင်လူငယ် ၁၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ KNU ခေါင်းဆောင်အသီးသီးမှ အမှာစကားပြောကြားပြီးနောက် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးမှ ပေးပို့သည့် ကော်သူးလေနေ့ သဝဏ်လွှာကို ဖတ်ကြားပေးခဲ့သည်။



ကေအဲန်ယူ၏ဌာနချုပ်ကို အင်းစိန်မှ တောင်ငူသို့ပြောင်းရွှေ့ပြီးနောက် ၁၉၄၉ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့တွင် တောင်ငူမြို့၌ပင် အစည်းအဝေးကြီးတစ်ရပ် ခေါ်ယူကျင်းပကာ ကော်သူးလေအစိုးရဖွဲ့ပြီးနောက် ကော်သူးလေအသံလွှင့်ဌာနမှ ကော်သူးလေ ကရင်ပြည်ကို ထူထောင်ခြင်း၊ ကော်သူးလေအစိုးရကို ဖွဲ့စည်းလိုက်ကြောင်း ကမ္ဘာသို့ ကြေညာလိုက်သည့်နေ့ကို အစွဲပြု၍ ကော်သူးလေနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

 
 

 

 

May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...