ကရင်လက်နက်ကိုင်အချင်းချင်းကြား ဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်ပတ်သက်ပြီး လာမည့် ဇွန်လ ၁၅ ရက်နေ့တွင် ကရင်လက်နက်ကိုင် ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုတစ်ခုကို KNLA ထိန်းချုပ်နယ်မြေတစ်နေရာ၌ ပြုလုပ်သွားမည်ဟု သိရသည်။
ယခင် ဖွဲ့စည်းထာသည့် ကရင်လက်နက်ကိုင်များညီညွတ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် KNU/KNLA-PC တို့မှ ထိပ်ပိုင်းစစ်ဘက်ခေါင်းဆောင်များပါဝင်၍ ပြုလုပ်သွားမည်ဟု ညီညွတ်ရေးကော်မတီ၏ ဖိတ်ကြားစာအရ သိရသည်။
၎င်းကိစ္စနှင့်ပတ်သက်ပြီး ညီညွတ်ရေးကော်မတီ၏ အတွင်းရေးမှူး ပဒိုစောအောင်မော်အေးက “အခု ကျနော်တို့ ကရင်လက်နက်ကိုင်နှင့် ကျနော်တို့ KNLA အကြား ပဋိပက္ခတွေဖြစ်လာတဲ့အပေါ်မှာ ထိခိုက်သေဆုံးမှုတွေလည်း ရှိလာတဲ့အတွက် ဒါကို ဆွေးနွေးညှိနှိုင်းတာမျိုး တွေ့ဆုံတာမျိုး တစ်ခုခုမလုပ်ရင် ပိုပြီးအဆင့်ကျော်ဖြစ်လာရင် ကျနော်တို့ ကရင်လူမျိုးတွေအတွက် မကောင်းဘူး။ ဒါကြောင့် ဒီတပ်မဟာ ၅ တပ်မဟာ ၁ တပ်မဟာ ၃ နဲ့တပ်မဟာ ၆ မှာ BGF နဲ့ဖြစ်နေတဲ့ကိစ္စတွေမှာ ဆက်ဖြစ်နေတာမျိုးကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဆွေးနွေးဖြေရှင်းဖို့ အတွက်ဖြစ်တယ်” ဟု ကေအိုင်စီသို့ပြောသည်။
အဆိုပါ လက်နက်ကိုင်အစည်းအဝေးပွဲကို KNLA ဘက်မှ ဦးဆောင်၍ ကျန်ရှိသော ကရင်လက်နက်ကိုင်ခေါင်းဆောင်များအား ဖိတ်ကြားခြင်းဖြစ်ပြီး KNU/KNLA-PC ဘက်မှ ဗိုလ်ချုပ်ကြီးစောထောလေ၊ နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်မှူးကြီးစောချစ်သူနှင့် DKBA မှ ဗိုလ်ချုပ်ကြီး စောမိုရှေးတို့အပြင် အဖွဲ့တွင်း ဆုံးဖြတ်ချက်ပေးနိုင်သည့် ကိုယ်စားလှယ်များ ၎င်းတို့၏ အကြံပေးအဖွဲ့ဝင်များပါ ပါဝင်၍တက်ရောက်သွားကြရန်လည်း ဖိတ်ခေါ်ထားသည်။

ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅) ၊ တပ်မဟာ (၁) နှင့် တပ်မဟာ (၃) နယ်မြေအတွင်း စစ်ကောင်စီနှင့် KNLA တပ်ဖွဲ့ဝင်အကြား တိုက်ပွဲပေါင်း ရာချီဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက် အင်အားဖြည့်တင်းပေးသည့် BGF တပ်ဖွဲ့ဝင်များနှင့်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ရာ BGF တပ်ဖွဲ့ဝင်အများအပြား ကျဆုံးမှုဖြစ်ပေါ်ခဲ့သည်။
အလားတူ ယခုဇွန်လဆန်းပိုင်းတွင်လည်း KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်း ခွဲထွက် (DKBA) တပ်ဖွဲ့ဝင်များအပါအဝင် လက်နက်ကိုင်အဖွဲ့များ စုပေါင်းထားသည့်အဖွဲ့နှင့် စစ်ကောင်စီ၊ BGF ပူးပေါင်းအဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ၎င်းတိုက်ပွဲ၌ BGF ဘက်မှ ကျဆုံးမှုများရှိခဲ့သည်ဟု သိရသည်။

ကရင်လက်နက်ကိုင်အဖွဲ့များအကြား အချင်းချင်းပစ်ခတ်မှု မဖြစ်ရန်နှင့် မူးယစ်ဆေးဝါးကိစ္စများ တိုက်ဖျက်သွားရန် ရည်ရွယ်၍ ကရင်လက်နက်ကိုင်အဖွဲ့ (၆) ဖွဲ့မှ အဖွဲ့ဝင် (၁၇) ဦးဖြင့် ကရင်လက်နက်ကိုင်များညီညွှတ်ရေးကော်မတီကို ၂၀၁၃ ခုနှစ်၊ မေလ ၂၈ ရက်နေ့က ဖွဲ့စည်းခဲ့သည်။







