ပြီးခဲ့သည့် သီတင်းပတ်က ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof နှင့် အာဆီယံ အထွေထွေအတွင်းရေးမှူး Lim Jock Hoi တို့သည် အာဆီယံအဖွဲ့ကိုယ်စားလှယ်များအဖြစ် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။ ၎င်းတို့၏ ခရီးစဉ်ကြောင့် ကျဆင်းခဲ့သည့် အာဆီယံ၏ ဂုဏ်သိက္ခာကို အဖတ်ဆယ်ရန်အတွက် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဂျိုကိုဝီဝီဒိုဒိုအနေဖြင့် အာဆီယံဥက္ကဌ ဘရူနိုင်းဘုရင် ဆူလတန်ဟာဆန်နယ်ဘိုကီယာနှင့် မဆိုင်းမတွတွေ့ဆုံပြီး ဤအရေးကို ဆွေးနွေးသင့်ပြီဖြစ်သည်။
နိုင်ငံ၏ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီး ရာထူးများကိုပါ တာဝန်ယူထားသည့် ဘရူနိုင်းဘုရင်သည် သူ၏ ထိပ်တန်းသံတမန်နှစ်ဦးကျူးလွန်ခဲ့သည့် မဟာအမှားကြီးကို ပြင်ဆင်ဖာထေးရန် လိုအပ်သည်။
အဆိုးဆုံးအမှားမှာ ဇွန်လ ၄ ရက်နှင့် ၅ ရက် ခရီးစဉ်အပြီး အာဆီယံ အထွေထွေအတွင်းရေးမှူးဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် ကြေညာချက်ဖြစ်သည်။ နောက်ပိုင်း ပြန်လည်ဖယ်ရှားခဲ့သည့် ထိုကြေညာချက်တွင် Lim Jock Hoi သည် မြန်မာစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အစည်းအဝေးတွင်ရှိနေသည့် အခြားအပေါင်းအပါများ၏ ရာထူးအတုအယောင်များကို ထည့်သွင်းဖော်ပြခဲ့သည်။
အာဆီယံအဖွဲ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား မြန်မာစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ်အဖြစ်သာ အသိအမှတ်ပြုထားချိန်၌ Lim Jock Hoi ၏ ယခုလုပ်ရပ်သည် မြန်မာစစ်အုပ်စုကို တရားဝင် အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်။ အာဆီယံသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့ကိုသာ တရားဝင်အသိအမှတ်ပြုထားဆဲဖြစ်သည်။
Yusof နှင့် Lim တို့သည် ကြိုတင်အသိမပေးဘဲ မြန်မာနိုင်ငံသို့သွားရောက်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခြင်း၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို ပြည်လည်အစီရင်ခံခြင်းမလုပ်ဘဲ ပြန်လှည့်လာခြင်းတို့ ပြုလုပ်နေကတည်းက စည်းကမ်းချိုးဖောက်နေပြီးဖြစ်သည်။
ဇွန်လ ၇ ရက်နေ့က တရုတ်ပြည် ချုံကင်းတွင်ပြုလုပ်သည့် အာဆီယံ-တရုတ် နိုင်ငံခြားရေးအစည်းအဝေး၌ပင်လျှင် Yusof သည် သူ၏ မြန်မာပြည်ခရီးစဉ်ရလဒ်ကို ထုတ်ဖော်ပြောကြားရန် ဝန်လေးနေခဲ့သည်။
အာဆီယံအတွက် ဤသံတမန်ခြေလှမ်းမှားကို ဖြေရှင်းရန်အတွက် ဦးစားပေးလုပ်ရမည်မှာ ဂျာကာတာတွင် ဧပြီလ ၂၄ ရက်က ကျင်းပခဲ့သည့် အာဆီယံအထူးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ သဘောတူခဲ့ကြသည့်အတိုင်း အထူးသံတမန်အဖွဲ့ကို ကြေညာပေးရန်ဖြစ်သည်။ အာဆီယံကိုယ်စားလှယ် ခန့်အပ်ရေးအတွက် အာဆီယံဥက္ကဌ ဘရူနိုင်းဘုရင်အား အများက ယုံကြည်မှုပေးထားပြီးဖြစ်သော်လည်း ခန့်အပ်ရေးလုပ်ငန်းစဉ်သည် အလွန်လေးဖင့်နေခဲ့သည်။
အင်ဒိုနီးရှားသည် ဤရာထူးအတွက် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟာဆန်ဝီရာယုဒကို အဆိုပြုခဲ့သည်။ သို့သော် မြန်မာစစ်တပ်သည် ထိုင်းနိုင်ငံနှင့် ဆက်ဆံရေး ပိုအဆင်ပြေသည်ကို သဘောပေါက်သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသည် ဟာဆန်နှင့်အတူ ထိုင်းသံတမန်တစ်ဦးကို ပူးတွဲထည့်ပေးရန် အလွတ်သဘော သဘောတူခဲ့ကြသည်။
မြန်မာသည် ဧပြီ ၂၄ ဘုံသဘောတူညီချက်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ကိုယ်စားလှယ်ခန့်အပ်မှုကို လက်ခံရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆက်တွဲရှိလာမည့် ညှိနှိုင်းဆွေးနွေးမှုများကြောင့် မြန်မာစစ်အုပ်စုအတွက် အချိန်ဆွဲရန် အခွင့်အရေးပိုရမည် ဖြစ်သလို သဘောတူညီချက် ၅ ချက်ကိုလည်း အကောင်အထည်မဖော်ဘဲ ထား၍ရနိုင်မည်ဖြစ်သည်။
အာဆီယံကိုယ်စားလှယ်သည် မြန်မာစစ်တပ်အတွက် စိတ်ကြိုက်ဖြစ်ခဲ့သည်ဆိုသော အယူအဆသည် ဘရူနိုင်းသံတမန်နှစ်ဦးနှင့် တွေ့ဆုံမှုအပြီး မြန်မာစစ်အုပ်စုက ထုတ်ပြန်သည့် ကြေညာချက်တွင် ထင်ဟပ်နေသည်ကို ငြင်းဆိုရန် မလွယ်ကူလှပေ။
ဘရူနိုင်းဘုရင်သည် အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်ရေးကို အထူးအလေးထားသူအဖြစ် ထင်ရှားသည့်အတွက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားမျှတမှု ဖော်ဆောင်ရေး၌ ဒေသတွင်းနိုင်ငံများ ဆက်လက်အားထုတ်ရေးအတွက် ပြင်းပြသောဆန္ဒ ရှိနေလိမ့်မည်။
ဘရူနိုင်းဘုရင်သည် အစောပိုင်းတွင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီနှင့် ဂျာကာတာတွင် အထူးအစည်းအဝေး တွဲဖက်ကျင်းပရမည်ကို ဝန်လေးနေခဲ့ပုံပေါ်သည်။ သို့သော်လည်း အဝေးအဝေးသို့ သူကိုယ်တိုင်တက်ရောက်မှုနှင့် သူ၏ ခိုင်မာသော ခေါင်းဆောင်မှုတို့သည် အစည်းအဝေး၏ အောင်မြင်မှုအတွက် သော့ချက်ကျပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သဘောတူညီချက် ၅ ရပ် ထွက်ပေါ်လာခြင်းဖြစ်သည်။
မြန်မာစစ်အုပ်စုသည် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ယခုအထိ မဖော်ဆောင်နိုင်သေးပေ။ ယခုကဲ့သို့ ပြောင်ပြောင်တင်းတင်း မနာခံမှု ကြာရှည်လေ အာဆီယံအတွက် အရှက်ရဖွယ် ဖြစ်လာလေဖြစ်ပြီး မြန်မာလူထုအတွက်လည်း ဒုက္ခအပေါင်း ခါးစီးခံရလေသာဖြစ်သည်။ အာဆီယံအတွက် တာဝန်ရှိသူ ခေါင်းဆောင်တစ်ဦးဖြစ်သည့် သမ္မတဂျိုကိုဝီနှင့် အခြားသော အာဆီယံခေါင်းဆောင်များသည် မြန်မာ့အရေးကို မြန်မြန်ဆန်ဆန် အဆုံးသတ်ရန် ခိုင်မာသည့်လုပ်ရပ်များ ချမှတ်ဆောင်ရွက်သင့်ပေသည်။
မူရင်း - The failed mission to Myanmar: Jakarta Post, THE STRAITS TIMES







