ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်းရှိ မယ်လဒုက္ခသည်စခန်းတွင် ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့က စိတ်ကြွဆေးပြား နှစ်ထောင်နီးပါးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။
ထိုင်းစစ်တပ်၊ ရဲနှင့် စခန်းလုံခြုံရေး တာဝန်ရှိသူများကနေ၍ စခန်းတွင်းရှိ လူငယ် ၂ ဦးထံမှ ပန်းရောင်စိတ်ကြွဆေးပြား အလုံးပေါင်း (၁၉၉၀) လုံး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း စခန်းဥက္ကဌ စောအောနက်က ကေအိုင်စီသို့ပြောသည်။
၎င်းက “ကလေးတွေက zone B က။ လူငယ်နှစ်ယောက်ဆီကနေ ဖမ်းမိတာ။ ကျနော်ထင်တာ သတင်းရလို့ လာဖမ်းတာပဲဖြစ်မယ်။ သူတို့ အချင်းချင်း ပစ္စည်းလဲပြီး ပြန်အထွက်မှာ သူများက ဖမ်းမိတာပဲ။ သူတို့အိတ်ကို စစ်ရင်းမိတာ” ဟု ပြောသည်။
လတ်တလော ကိုဗစ်ကပ်ရောဂါကာလအတွင်း ထိုင်းနိုင်ငံတစ်ဝှမ်းအပြင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်နှင့် ဒုက္ခသည်စခန်းတွင် ဝင်/ထွက်သွားလာမှုများကို ထိုင်းအာဏာပိုင်များမှ တင်းကြပ်ကန့်သတ်ထားစဉ် ယခုလို စခန်းအတွင်း ဖမ်းမိခြင်းဖြစ်ပြီး အဆိုပါဆေးပြားများသည် တောလမ်းတစ်နေရာဘက်မှ ဝင်လာခြင်းဖြစ်နိုင်သည်ဟုယူဆကြောင်း စောအောနက်က ဆက်ပြောသည်။
လတ်တလောကာလတွင်လည်း ထိုင်းအာဏာပိုင်များ၏ ညွှန်ကြားမှုနှင့်အညီ စခန်းတွင်း ဝင်/ထွက်သွားလာမှုများကို တင်းကြပ်ထားကြောင်းလည်း စခန်းအာဏာပိုင်များက ဆိုသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း ၉ ခုအနက် လူဦးရေအများဆုံးခိုလှုံကြသည့် မယ်လဒုက္ခသည်စခန်းတွင် နှစ်စဉ်ဆိုသလို စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိလျက်ရှိပြီး လက်ရှိ ဖမ်းဆီးရမိမှုသည် အသွား/အလာ တင်းကြပ်ကန့်သတ်ထားသည့် ကိုဗစ်ကပ်ရောဂါကာလအတွင်း ဖမ်းဆီးရမိခြင်းဖြစ်သည်။







