ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူးဒေသတွင် တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ သွားရောက်တိမ်းရှောင်ခဲ့ရသည့် စစ်ရှောင်များသည် ဇွန်လ ၅ ရက်နေ့ကတည်းက နေရပ်သို့ပြန်လာခဲ့ကြသော်လည်း ကျေးရွာရှိနေအိမ်များတွင် စစ်ကောင်စီတပ်က တပ်စွဲနေရာယူထားသည့်အတွက် ဒေသခံအချို့မှာ ယခုအချိန်ထိ နေအိမ်ပေါ်ပြန်တက်နေ၍ မရသေးကြောင်း ဒေသခံများက ပြောဆိုသည်။
ဖလူးလေးကျေးရွာတွင် စစ်ကောင်စီတပ်မှ တပ်စွဲထားဆဲရှိသလို ဒေသခံနေအိမ်အချို့တွင်လည်း စစ်ကောင်စီတပ်မှ နေရာဝင်ယူပြီး တပ်စွဲထားသည့်အတွက်ကြောင့် ဒေသခံရွာသားအချို့သည် နေအိမ်ပြန်နေမရဲဘဲ လေးကေကော်မြို့သစ်အနီး ထီးမယ်ဝါးခီးကျေးရွာရှိ စာသင်ကျောင်းတွင် သွားရောက်တိမ်းရှောင်ခိုလှုံနေကြရသည်ဟု သိရသည်။
လေးကေကော်တွင် သွားရောက်တိမ်းရှောင်နေရသည့် စစ်ရှောင်အမျိုးသမီးကြီးတစ်ဦးက “ဟိုဘက်ကမ်းကနေပြန်လာတော့ အိမ်ကိုတစ်ချက်ပြန်ကြည့်လိုက်တယ်။ အိမ်အပေါ်၊ အောက် ပြီးတော့ ဗီဒိုထဲကဟာကော အကုန်မွှေပြီး ပလဲထားတယ်။ အိမ်မှာဝယ်ထားတဲ့ ဆန်တစ်အိတ် ပြန်တောင်းတာတောင် မပေးဘူး၊ တော်တော်ပြောယူရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ဒေသခံများ၏ နေအိမ်တွင်လည်း တပ်စွဲထားသည်မကဘဲ နေအိမ်အတွင်းရှိ ပစ္စည်းများကိုလည်း ဝင်ရောက်မွှေနှောက်ပြီး ယူဆောင်သွားခဲ့သလို ဆိုင်ကယ်အချို့လည်း ပျောက်ဆုံးနေသည်ဟု စစ်ရှောင်ပြည်သူများက ပြောသည်။
ဖလူးတိုက်ပွဲဂယက်ကြောင့် လေးကေကော်မြို့သစ်အနီး ထီးမယ်ဝါးခီးကျေးရွာရှိ စာသင်ကျောင်းနှင့် လူနေအိမ်အချို့တွင် နေအိမ်ပြန်မရသေးဘဲ လက်ရှိအချိန်တွင် တိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေ ၁၀၀ ကျော် ရှိနေသေးသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်နှင့် ၂ ရက်နေ့တွင် စစ်ကောင်စီတပ်၊ BGF ပူးပေါင်းအဖွဲ့နှင့် ဗိုလ်ချုပ်စောကျော်သက် ဦးဆောင်သော ခွဲထွက် DKBA နှင့်အတူ မဟာမိတ်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားသည့်အတွက် ဒေသခံ ၇၀၀ ကျော်ခန့်မှာ တစ်ဖက်ကမ်းထိုင်းနိုင်ငံ မဲဆောက်မြို့အနီး မဲ့ခိုကင်းကျေးရွာတွင် (၃) ရက်ကြာ သွားရောက်တိမ်းရှောင်နေရပြီးနောက် ဇွန်လ ၅ ရက်နေ့တွင် ထိုင်းအာဏာပိုင်ဘက်က နေရပ်ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။







